
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်များတွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)နှင့် တော်လှန်ရေး အင်အားစုများအကြား ယခုနှစ်မှစ၍ တကျော့ပြန် စစ်ရေးတင်းမာ ဖြစ်ပွားနေပြီး အရပ်သား သောင်းနှင့်ချီကာ စစ်ဘေးတိမ်းရှောင်နေရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ထံက သိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ်ထိ ဆီဆိုင်၊ ပင်လောင်း၊ မောက်မယ်နှင့် ဖယ်ခုံ စသည့် မြို့နယ်များတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား မြေပြင်ထိတွေ့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အရပ်သားနေအိမ်နှင့် ကျေးရွာများကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ပင်လောင်း နဲ့ ညောင်ရွှေမြို့နယ် တို့မှာ စစ်ရေးတင်းမာနေတယ်။ အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆီဆိုင်နဲ့ ဖယ်ခုံမြို့နယ်ကတော့ မြေပြင်တိုက်ပွဲ ဖြစ်ပွားနေတယ်” ဟု ပအိုဝ်း လူငယ်အစည်းအရုံး (PYO) ဒုဥက္ကဋ္ဌ ခွန်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် မြို့နယ်အချို့၌ နှစ်ဖက်စစ်အင်အား ဖြည့်တင်းမှု၊ စစ်ရေးပြင်ဆင်မှုများ အားကောင်း နေသလို ယခုရက်ပိုင်းအတွင်း ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီ တပ်နှင့် PNA ဂိတ်စခန်းကိုလည်း တော်လှန်ရေး အင်အားစုများက တိုက်ခိုက်သိမ်းပိုက်ကာ စစ်သုံ့ ပန်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေး အင်အားစုများသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှစတင်၍ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ဟိုပုံး၊ မောက်မယ်၊ လွိုင်လင်နှင့် ဖယ်ခုံ စသည့်မြို့နယ်များတွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)တို့နှင့် တိုက်ပွဲပြင်းထန် စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုဖြင့် အသာစီးရခဲ့သော်လည်း လက်ရှိ ၂၀၂၅ ခုနှစ်တွင် တကျော့ပြန် စစ်ရေး တင်းမာလာခဲ့ခြင်းဖြစ်ပြီး ယခင်နှစ် စစ်ဘေးရှောင်များအပြင် ထပ်မံတိမ်းရှောင် ရသူများကြောင့် အရပ်သား စုစုပေါင်း ၆၅၀၀၀ ခန့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း PYO ထံက သိရသည်။
စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုသည် ၂၀၂၄ ခုနှစ်အတွင်း အကြိမ်ရေ ၅၇၀၀ ဝန်းကျင်ရှိပြီး စျေး၊ ဆေးရုံ/ဆေးခန်း၊ လမ်းတံတား၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက် အအုံနှင့် အရပ်သားနေအိမ် ၁၅၀၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့သလို လူတစ်ရာကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီသည် စစ်ဘေးရှောင်များကို နေထိုင်ခွင့် ပိတ်ပင်ခြင်းများဖြင့် ဖိအားပေးလျက်ရှိ နေသောကြောင့် သောက်သုံးရေ၊ စားနပ်ရိက္ခာမရရှိဘဲ တောထဲသွားရောက် နေထိုင်ရကာ အတင်းအဓမ္မ နေအိမ်သို့ပြန်ခိုင်းပြီး မပြန်ပါက အိမ်ချိတ်ပိတ်၊ ပစ္စည်းသိမ်း၊ ဒဏ်ငွေဆောင်ရမည်ဟု ခြိမ်းခြောက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လာကြရသည့် စစ်ရှောင်ဒေသခံ ပြည်သူများသည် ဆက်တိုက်ဆိုသလို မိုင်းအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ ထိခိုက်မှုများ ရှိနေကြပြီး ကျန်ရှိ စစ်ဘေးရှောင်များမှာ အရေးပေါ် စားနပ်ရိက္ခာ၊ အကူအညီများ လိုအပ်မှုမြင့်မားနေကြောင်း PYO နှင့် ဒေသခံများထံက သိရသည်။
ပုံစာ- ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) တပ်ဖွဲ့ဝင်များကိုတွေရစဉ် (ပုံဟောင်း)
#ရှမ်းတောင် #နှစ်ဆန်းပိုင်း #တကျော့ပြန်စစ်ရေးတင်းမာမှု #ဖြစ်ပွား #Ayeyarwaddy_Times