ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်

ထိုင်းနိုင်ငံမှ တဆင့် မြန်မာနိုင်ငံအတွင်းသို့ တရုတ်သရုပ်ဆောင်တစ်ဦး လူကုန်ကူးခံခဲ့ရပြီးနောက် ထိုင်းသို့ အလည်လာရန် စိုးရိမ်နေကြ‌သည့် တရုတ်လူမျိုးများ၏ ယုံကြည်မှုကို ပြန်လည်ရရှိစေရန် ထိုင်းအစိုးရက ခရီးသွားလုပ်ငန်းဆိုင်ရာ ကမ်ပိန်းများကို တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် (Paetongtarn Shinawatra) က ခရီးသွားများ၏ ယုံကြည်မှုကို ပြန်လည်ရရှိစေရန် ကမ်ပိန်းများ စတင်လုပ်ဆောင်ရန် ခရီးသွားနှင့်အားကစား၀န်ကြီးဌာနကို ညွှန်ကြားခဲ့သည်ဟု ယမန်နေ့ ဇန်နဝါရီ ၁၃ ရက်တွင် ထိုင်းအစိုးရ၏ပြောရေးဆိုခွင့်ရှိသူ Mr. Jirayu Huangsap က ပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ တရုတ်သရုပ်ဆောင်ကို ရှာတွေ့ခဲ့ပေမယ့် ဒီဖြစ်ရပ်က တရုတ် ခရီးသွားတွေရဲ့ ယုံကြည်မှုကို ထိခိုက်ခဲ့ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောခဲ့‌ကြောင်းလည်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူထံက သိရသည်။

ဆက်လက်၍ ထိုင်းဝန်ကြီးချုပ်က ဒစ်ဂျစ်တယ်စီးပွားရေးနှင့်လူ့အဖွဲ့အစည်း ဝန်ကြီးဌာနအား သတင်းတု များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် တရုတ်ခရီးသွားများ၏ ယုံကြည်မှုကို ပြန်လည်ရရှိ‌ရေးအတွက် တရုတ်အာဏာပိုင်များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။

လက်ရှိတွင် ခရီးသွားများ ဘေးကင်းစေရန် ခရီးသွားရဲ အရေအတွက် လုံလုံလောက်လောက် ရှိစေရေးအတွက် ရဲချုပ်ကိုလည်း ညွှန်ကြားထားပြီး ရဲများ အနေဖြင့် အန္တရာယ်ရှိသောနေရာများတွင် ကင်းလှည့်ရန်ကိုလည်း ညွှန်ကြားထားကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ကမ္ဘာလှည့်ခရီးသွား ၃၅.၅ သန်း ဝင်ရောက်ခဲ့ပြီး ၆.၇ သန်းမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

တရုတ်မင်းသားလူကုန်ကူးမှုဖြစ်စဉ်ကြောင့် လာမည့်တရုတ်နှစ်သစ်ကူး ပိတ်ရက်အတွက် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်မည့် တရုတ်ခရီးသွား အရေအတွက်မှာ ၂၀ ရာခိုင်နှုန်း ဝန်းကျင် လျော့ကျသွားနိုင်ကြောင်း ထိုင်းခရီးသွားဝန်ဆောင်မှုအဖွဲ့အစည်းက ဆိုထားသည်။

ကိုးကား – Bangkok Post
#Ayeyarwaddy_Times