
ဧရာဝတီတိုင်း
ဇန်နဝါရီ ၁၄ ရက်
တရုတ်နိုင်ငံတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအနက် HMPV ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေသော်လည်း ကပ်ရောဂါအသွင်သို့ ရောက်ရှိခြင်းမရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
တရုတ်နိုင်ငံသည် HMPV ကူးစက်မှုအခြေအနေကို ကောင်းစွာထိန်းချုပ်နိုင်ပြီး ကပ်ရောဂါအသွင် အစုလိုက်အပြုံလိုက် ဖြစ်ပွားမှုများနှင့် ဆေးရုံ၊ ဆေးခန်းများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလူနာများ အလွန်အမင်းများပြားနေခြင်းမရှိဟု သတင်းပေးပို့ကြာင်း WHO က ဆိုထားသည်။
လက်ရှိ HMPV ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်ဖြစ်ပွားလျက်ရှိသော ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လာသူများ သံသယလက္ခဏာရှိပါက ကျန်းမာရေးဌာနများသို့ အကြောင်းကြားရန် စစ်ကောင်စီက ယမန်နေ့ ဇန်နဝါရီ ၁၃ ရက်နေ့တွင် အသိပေး ညွှန်ကြားထားသည်။
“HMPV ရောဂါပိုးက ရာသီဥတုအလိုက် ကူးစက်ဖြစ်ပွားမှုရှိနေခဲ့ပြီးဖြစ်လို့ အဲဒီရောဂါပိုးနဲ့ပတ်သက်ပြီး မိမိတို့ပြည်သူတွေရဲ့ ကိုယ်ခန္ဓာခုခံအားစနစ်ရှိနေပြီးဖြစ်မယ်” ဟု စစ်ကောင်စီ၏ ကျန်းမာရးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆိုသည်။
လွန်ခဲ့သော၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ HMPV ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီး ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်တွင်ထပ်မံတွေ့ရ၍ ဗိုင်းရပ်စပ်ကူးစက်မှုကြောင့်ရောဂါဖြစ်ပွားမှုကိုခံနိုင်ရည်ရှိနကြောင်း ၎င်းက ပြောကြားသည်။
“HMPV ဗိုင်းရပ်စ်ကို အရင်ကဖြစ်ဖူးတယ်လို့ပြောတာပဲ။ သေချာတာ့မသိဘူး။ ဘယ်တုန်းက ဘယ်လို ဖြစ်သွားလဲဆိုတာ ” ဟု အတွေ့အကြုံနှစ် ၂၀ ရှိပြီဖြစ်သည့် ဆရာဝန်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ HMPV ဟူးမန်းမက်တာနယူမိုဗိုင်းရပ်စ်ရောဂါ အများစုသည် သာမန်အအေးမိခြင်းကဲ့သို့ အပျော့စားရောဂါ လက္ခဏာများသာဖြစ်ပြီး အချို့သော ရောဂါလက္ခဏာပြင်းထန်သူများတွင် လေပြွန် ရောင်ခြင်း သို့မဟုတ် အဆုတ်ရောင်ခြင်းတို့ ဖြစ်ပွားစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO )က ထုတ်ပြန်သည်။
ထို့ပြင်ရောဂါပိုးသည် ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများနှင့် ကိုယ်ခံအားစနစ် ကျဆင်း နေသူများတွင် ရောဂါပိုမိုပြင်းထန်စွာခံစားရကြောင်းသိရသည်။
HMPV ရောဂါကူးစက်ခံရသူ၏ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပိုးရှိနေသည့် အရာဝတ္ထုများကိုထိမိရာမှ တစ်ဆင့်ကူးစက်ခံရနိုင်ပြီး အဆိုပါ ဗိုင်းရပ်စ်ပိုးသည် Covid 19 ဗိုင်းရပ်စ်ပိုးကဲ့သို့ ရောဂါကူးစက်ပုံနည်းလမ်းများတူညီကြောင်း သိရသည်။
HMPV ရောဂါကို ကာကွယ်ရန်အတွက် ပါးစပ်နှင့် နှာခါင်းစည်း ( Mask) ဝတ်ဆင်ခြင်း၊ မကြာခဏ လက်ဆးခြင်းနှင့် ခပ်ခွာခွာနေထိုင်သင့်ကြောင်း ကျန်းမာရးဝန်ကြီးဌာနက ထုတ်ပြန်သည်။
WHO သည် နိုင်ငံတကာနှင့် ဒေသအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု အခြေအနေများကို စောင့်ကြည့်ရေးစနစ်များမှတစ်ဆင့် အချိန်နှင့်တပြေးညီ အနီးကပ်စောင့်ကြ ပ်ကြည့်ရှု လျက်ရှိနေပြီး လိုအပ်သည့် အချက်အလက်များကို ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ဓာတ်ပုံ – ဘန်ကောက်ဆေးရုံ
#hmpvvirus #တရုတ်နိုင်ငံဖြစ်ပွားမှုမြင့်တက် #WHO #ကပ်ရောဂါအသွင်မဖြစ်သေး #Ayeyarwaddy_Times