ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ကို စစ်ကောင်စီတပ်က ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့၊ ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆမီးမြို့ အမှတ် ၂ ရပ်ကွက်ရှိ ထွေအုပ်ရုံး မီးလောင်ပျက်စီးသွားပြီး အနီးအနားရှိ လူနေအိမ်အချို့လည်း ဗုံးစထိမှန်၍ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။

“ငါးမိနစ်ခြား နှစ်ကြိမ် ဗုံးကြဲသွားတာပါ။ နောက်ဆုံးကြဲသွားတဲ့ ဗုံးသီးက ပေါင် ၅၀၀ ဗုံးသီးဖြစ်တဲ့အတွက် တစ်မြို့လုံး တုန်ခါသွားတယ်။ ထွေအုပ်ရုံးက မနေ့ညတစ်ညလုံး မီးလောင်သွားတယ်” ဟု ဆမီးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆမီးမြို့ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ဆက်သွယ်ရေး ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက် လူထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဆမီးမြို့ကို စစ်ကောင်စီတပ်က လက်လွတ်ဆုံးရှုံးလိုက်ရသည့် တစ်နှစ်ပြည့်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်သွားခြင်းဖြစ်သည်။

ပလက်ဝမြို့နှင့် ဆမီးမြို့ကို အာရက္ခတပ်တော် AA က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်နယ်တွင် လေးနှစ်တာအတွင်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ၈၆၀ ကျော် ပြုလုပ်ခဲ့ကြောင့် ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ် (CHRO) က ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

#ဆမီးမြို့#ပေါင် ၅၀၀ ဗုံး#လေကြောင်းတိုက်ခိုက်မှုပြုလုပ်#အာရက္ခတပ်တော်
#Ayeyarwaddy_Times