ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဇန်နဝါရီ ၁၄ ရက်

ကရင်နီပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ‌အရပ်သား ၄၆ ဦးသေဆုံးခဲ့ပြီး ၎င်းတို့အနက် ၃၃ ဦးမှာ အမျိုးသမီး နှင့် ကလေးသူငယ်များဖြစ်ကြောင်း Karenni Human Rights Group-KnHRG ထံက သိရသည်။

သေဆုံးသူများအနက် ၁၈ ဦးမှာ ကလေးငယ်များဖြစ်ပြီး သေဆုံးမှုအများဆုံးဖြစ်ကာ ဒုတိယအနေဖြင့် အမျိုးသမီး ၁၅ ဦးသေဆုံးခဲ့ပြီး အများအားဖြင့် စစ်ကောင်စီက အမျိုးသမီးနှင့် ကလေး အများဆုံးရှိသည့် ရွာများ၊ ကျောင်းများကို အဓိကထားကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ကလေးတွေဖြစ်စေ၊ အမျိုးသမီးတွေဖြစ်စေ သေချာတာ တစ်ခုက စစ်ပွဲရဲ့သားကောင် မြေစာပင်တွေဖြစ်သွားရတာ အများဆုံးဖြစ်တယ်ပေါ့နော်။ ရုပ်ပိုင်း စိတ်ပိုင်းထိခိုက်မှုတွေကလည်း ပြန်ဖြည့်ဆည်းပေးလို့မရတဲ့ အရာတွေအများကြီးရှိတယ်ပေါ့နော်” ဟု Karenni Human Rights Group တည်ထောင်သူတစ်ဦးဖြစ်သူ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက စစ်ရှောင်စခန်းများ၊ ကျေးရွာများ၊ ဆေးရုံ၊ စာသင်ကျောင်း နှင့် ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထားကာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း‌ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ကလေးငယ် အများဆုံးသေဆုံးခဲ့ကြရသည့်အတွက် အထူးသဖြင့် ကလေးမိခင်များမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်နစ်နာမှုများ ခံစားနေကြရပြီး သားသမီးဆုံးရှုံးခဲ့ရသည့် ကလေးမိခင်များအတွက် မည်သည့်အဖွဲ့အစည်းကမှ စိတ်ပိုင်းဆိုင်ရာ ကုစား မှုများကို သေချာစွာပေးအပ် ကူညီနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“အထူးသဖြင့်စိတ်ပိုင်းဆိုင်ရာက အခုအချိန်အထိ ဘယ်သူ ဘယ်အစုအဖွဲ့မှ စနစ်တကျ အဲ့ဒီသေဆုံးသွားတဲ့ကလေးမိခင်တွေကို ရုပ်ပိုင်းဆိုင်ရာ ကုစားမှု စိတ်ပိုင်းဆိုင်ရာ ကုစားမှု ပေးနိုင်တာက အလွန်အားနည်းနေပါသေးတယ်။ အဲ့ဒါ တစ်ခုကလည်း မိဘတွေအတွက် အထူးသဖြင့် မိခင်တွေအတွက်ကတော့ အိမ်မက်ဆိုးကနေ ခုချိန်ထိမလန့်နိုးနိုင်သေးဘူးလို့ ကျွန်တော်တို့ပြောလို့ ရတယ်” ဟု KnHRG တည်ထောင်သူ ဗညားခွန်အောင်က ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် သေဆုံးရသူများထဲတွင် ကလေးငယ်များအပြင် အမျိုးသမီးများလည်း သေဆုံးခဲ့ကြရသည့် အတွက် ကျန်ရစ်သည့် မိဘ၊ ခင်ပွန်း၊ ကလေးများအနက် အထူးသဖြင့် ကလေးငယ်များမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ပိုမိုဖြစ်ပေါ်လာပြီး စိတ်ပိုင်းဆိုင်ရာ ကုစားမှုအနေဖြင့် အကန့်အသတ်များရှိနေကာ ကလေးငယ်များအတွက် ဝမ်းနည်းဖွယ် အခြေအနေများ ကြုံတွေ့နေရကြောင်းလည်း သိရသည်။

“ဒီဖြစ်စဉ်တွေ အပေါ် အကြောက်တရားတွေ အမုန်းတရားတွေနဲ့ ကလေးတွေဟာ ဆက်ပြီးတော့မှ ကြီးပြင်းနိုင်ဖို့အတွက်ပုံစံကို ပိုရောက်သွားတယ်။ အဲ့ဒီဟာက ပုံမှန်ကုစားမှုနဲ့ ဖြေလို့မရဘဲနဲ့ အထူး အစီမံနဲ့ လုပ်ရမယ့်အပိုင်းတွေရှိမယ်။ အခုလက်ရှိစစ်ပွဲအ‌ခြေအနေနဲ့ ပြည်တွင်းစစ်အခြေအနေ တော်လှန်ရေးကာလမှာ ဒီဟာတွေအားလုံးကို တစ်လုံးတစ်၀တည်း ဖြည့်ဆည်းနိုင်ဖို့ အကန့်အသတ်တွေ အများကြီးရှိနေတယ်” ဟု ကလေးငယ်များ၏ လက်ရှိအခြေအနေနှင့် ပတ်သတ်ပြီး ဗညားခွန်အောင်က ဆက်လက်ပြောသည်။

စစ်ကောင်စီသည် ကရင်နီ ဒေသတွင် အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ယခု ၂၀၂၅ ခုနှစ်တွင်လည်း ဆက်တိုက် လုပ်ဆောင်နေပြီး နှစ်သစ်ကူးညမှ စတင်ကာ လေကြောင်း တိုက်ခိုက်ခြင်းအပြင် လက်နက်ကြီးဖြင့် ရမ်းသန်းး ပစ်ခတ်ခြင်းများကိုပါ လုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ်ရှိ အိုင်စန့်ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မိန်းကလေးငယ် နှစ်ဦးသေဆုံးခဲ့ပြီး လေးလ သားအရွယ် ကလေးငယ်တစ်ဦးမှာ လက်တစ်ဖက်ဆုံးရှူံးခဲ့ရကြောင်း KnHRG ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ – Karenni Human Rights Group

#ကရင်နီ #စစ်ကောင်စီ #အကြောင်းမဲ့တိုက်ခိုက် #အမျိုးသမီး #ကလေးငယ် #သေဆုံး #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့် အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)