
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်
ဧရာ၀တီတိုင်း၊ပုသိမ်မြို့တွင် ဇန်နဝါရီဒုတိယပါတ်အတွင်း လူငယ် ခုနှစ်ဦးခန့် စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ပုသိမ်မြို့အမှတ် ၇ ရပ်ကွက်နှင့် အမှတ် ၉ ရပ်ကွက်တို့တွင် လူငယ်နှစ်ဦးကို ကြိုတင်အကြောင်းကြားခြင်းမရှိပဲ နေအိမ်များသို့ ၀င်ရောက်ကာ စစ်မှုထမ်းရန်ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၈ ရက်နေ့ကလည်း ကျောက်ငူရပ်ကွက် ပွဲဈေးတွင် လူငယ်သုံးဦးကို ဖမ်းဆီးကာ စစ်ကောင်စီတပ်သို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ပွဲဈေးလာတဲ့ ကောင်လေးတွေကို စစ်ဆေးစရာရှိတယ်ဆိုပြီး ဖမ်းလိုက်တာ၊ ပြီးမှစစ်ထဲလိုက်ဖို့ပေါ်တာဆွဲတယ်လို့ မိသားစုက သိရတယ်။ ငွေနဲ့ပေးပြီးပြန်ထုတ်တာတောင် မရတော့ဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါဖြစ်စဉ်များအပြင် ပုသိမ်မြို့ပေါ်ရှိအခြားရပ်ကွက်များမှလည်း လူငယ်အချို့ဖမ်းဆီးခံရပြီး မြောင်းမြမြို့ ခလရ ၉၃ နှင့် အိမ်မဲမြို့ခလရ ၆၃ တပ်များသို့ တပ်သားသစ်အဖြစ် ပို့ဆောင်ခံရကာ မိသားစုနှင့်အဆက်အသွယ်မရတော့ကြောင်း သိရှိရသည်။
စစ်ကောင်စီအနေဖြင့် ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အား လုံလောက်မှုမရှိတော့သည့်အတွက် တိုင်းနှင့်ပြည်နယ် အချို့တွင် လူငယ်များကို အကြောင်းပြချက်အမျိုမျိုးပြ၍ အဓမ္မဖမ်းဆီးမှုများပိုမိုလုပ်ဆောင်နေကြောင်း သိရှိရသည်။
#ပုသိမ်မြို့#တစ်ပတ်အတွင်း #လူငယ်၇ဦးခန့် #စစ်မှုထမ်းရန် #ဖမ်းဆီးခံရ #Ayeyarwaddy_Times