ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ ဆန်ခါကျေးရွာ၊ မဇွပ်ယာန်နှင့် ကျောက်မျက် တူးဖော်ရေးဝင်းအတွင်းသို့ စစ်ကောင်စီက ဗုံးကြဲချပြီး စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အရပ်သားပြည်သူအများအပြား သေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ ဇန်နဝါရီ ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က YAK 130 ဂျက်ဖိုက်တာဖြင့် ဖားကန့်မြို့နယ် မဇွပ်ယာန်မနောကွင်း၊ မြဥယျာဉ်ကုမ္ပဏီကျောက်မျက်ဝင်း၊ ဆန်ခါကျေးရွာတို့ကို လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဆန်ခါနဲ့ မဇွပ်ယာန်မှာ အမေများနေ့အတွက် အထိမ်း အမှတ်ပွဲလေးလုပ်နေတာ။ အဲဒါကို ဗုံးလာကြဲသွားတာ။ အကုန်အရပ်သားပြည်သူတွေကြီးပဲ။ ထိခိုက်သေဆုံးမှု များနိုင်ပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မန္တလေးတံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာသည် ဆန်ခါနှင့် မဇွပ်ယာန်ကျေးရွာ နှစ်ခု ကြားကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့်အတွက် လူသေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

“ကျောက်မျက်ဝင်းထဲကျတာဆိုတော့ ရေမဆေး သမားတွေလည်း ထိခိုက်ကုန်တယ်။ လူစုလူဝေး မြင် တဲ့နေရာကို စက်သေနတ်နဲ့ပါ ဝှေ့သွားတာ။ လေယာဉ်က တစ်ခါလာပစ်လိုက် ပြန်လှည့်သွားလိုက်၊ ပြန် လှည့်လာလိုက်နဲ့ လာပစ်တာ”ဟု ဖားကန့်ဒေသခံတစ် ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း တနိုင်းမြို့နယ် လပူမှော်ဒေသဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၅ ဦးခန့်သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ယခုတစ်ပတ်အတွင်း ရခိုင်နှင့် ကချင် ပြည်နယ်ရှိ စစ်ဖြစ်ပွားခြင်းမရှိသည့် ဒေသများမှ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

ပုံစာ-ဖားကန့်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ထားစဥ်
#ကချင် #ဖားကန့် #နေရာ သုံးခု #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ #အရပ်သားပြည်သူ #သေဆုံး #Ayeyarwaddy_Times