
ဧရာဝတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင် စီပူးပေါင်းအဖွဲ့ ၃၀ ခန့်သေဆုံးကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့က တောင်သာမြို့ကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် အမျိုးသမီး ပျူစောထီးခေါင်းဆောင် ဒေါ်သီတာယုမွန်ဦးဆောင်သည့် အင်အား ၁၀၀ ခန့်နှင့် တောင်သာစွပ်ကျယ် စက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ ခန့် ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် မြင်းခြံ-တောင်သာ- မန္တ လေးသွား ကားလမ်းပေါ်တွက် ကြားဖြတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
“ဇန်နဝါရီ ၁၂ ရက်က ပိတ်ပြီးတိုက်တာ လက်နက်တွေ လည်းရတယ်။ ပျူတွေလည်း သေကုန်ကြတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပိတ်ဆို့တိုက်ခိုက်ခံရသည့် ပျူစောထီးစစ်ကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ဇန်နဝါရီ ၁၂ ရက်နေ့တွင် စစ်ကားလေးစီးဖြင့် မြင်းခြံဘက်သို့ ပြန်လည်တပ်ဆုတ်ချိန်တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းများပါသုံး၍ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဂျက်ဖိုက်တာနှစ်စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ သော်လည်း တော်လှန် ရေးတပ်ဖွဲ့များက ရှောင်ရှားနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကားလေးစီးဖြင့် ဆုတ်ခွာထွက်ပြေးသည့် ပျူနှင့် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့ များက ဖြတ်တောက်တိုက်ခိုက်ရာ ကားတစ်စီးကို အမိအရ တိုက်ခိုက်နိုင်သည့်အတွက် ကားပေါ်ပါ ပျူစောထီး ၂၀ ခန့် သေဆုံးသွားကြောင်း သိရသည်။
မြင်းခြံမြို့ ပျူစောထီးခေါင်းဆောင် ဒေါ်သီတာယုမွန်သည် တော်လှန်ရေးတပ်များက ကြားဖြတ် တိုက်ခိုက်ချိန်တွင် လက်လွတ်ထွက်ပြေးသွား၍ ပျူစောထီးအလောင်း လေးလောင်းနှင့် သေနတ် ၁၂ လက်၊ ရေဒီယိုလှိုင်းနှောက်စက် Jammer တို့ကျန်ရစ်ခဲ့ ကြောင်း သိရသည်။
“အနီးကပ်ဒရုန်းနဲ့တိုက်တုန်းက မျက်မြင် ခုနစ် ယောက် သေသွားတယ်။ ယာဉ်တန်းကို ထပ်တိုက်တော့ ၂၀ ကျော်ထပ်သေတယ်။ လက်နက်တွေထားပြီး ထွက်ပြေးတဲ့ ပျူတွေရောပဲ”ဟု တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝ တီတိုင်းမ်ကို ပြောသည်။
ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့များထံမှ MA 1 ငါး လက်၊ MA 3 သုံး လက်၊ G3 သုံး လက်၊ Jammer တစ်ခု၊ ဒရုန်းတစ်စင်း၊ သေနတ်အတိုတစ်လက်နှင့် ပျူစောထီးအလောင်းအချို့ကို သိမ်းဆည်း ရရှိကြောင်း သိရသည်။
အဆိုပါတိုက်ပွဲကို တောင်သာနှင့် မြင်းခြံခရိုင်အတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်များက ပါဝင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယခုလပိုင်းတွင် အညာဒေသရှိ တော်လှန်ရေးပူးပေါင်းတပ်များသည် မန္တလေးတိုင်းအတွင်းရှိ ပျူစောထီး အင်အားကောင်းသည့် ကျေးရွာနှင့် စစ်စခန်းများကို သိမ်းဆည်းရမိမှုများရှိသလို ဖိအားပေး တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပုံစာ-ဒေါ်သီတာယုမွန်ဦးဆောင်ပျူအဖွဲ့ နှင့် တိုက်ခိုက်ခံရပြီး သိမ်းဆညိးရမိသည့် လက်နက်များ
#မန္တလေး #တောင်သာတိုက်ပွဲ #ပျူစောထီး #၂၀ကျော် #သေဆုံး #Ayeyarwaddy_Times