ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ် ရှိ မကျီးဇင်-သာပေါင်းကားလမ်းပေါ်မှ ကျေးရွာများတွင် ဇန်နဝါရီ ၈ ရက်နေ့မှစတင်ကာ စစ်ကောင်စီမှခံစစ်ပုံစံပြင်ဆင်ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

သစ်ဖြူကျေးရွာတွင် စစ်ကောင်စီမှ ကတုတ်ကျင်းများတူးထားပြီး ကြက်သွန်ကွင်းဂိတ်တွင်လည်း စစ်ကောင်စီနှင့်ရဲများ ကိုလက်နက်အပြည့်အစုံတပ်ဆင်ထားပြီးသဲအိတ်ဘန်ကာများပြုလုပ်ထားကြောင်း သိရှိရသည်။

“မကျီးဇင်ဘက်က တိုက်ပွဲတွေဖြစ်တယ်ကြားလို့ ပြင်ဆင်ထားတာဖြစ်နိုင်တယ်။ ကားလမ်းက သာပေါင်း၊မကျီးဇင်ကနေ ဂွအထိတိုက်ရိုက်ပေါက်တာကိုး”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကျေးရွာများမှ ခေါ်ယူထားသည့် ပြည်သူ့စစ် အဖွဲ့များကိုလည်း သာပေါင်းအခြေစိုက် ခလရ ၃၀၈ မှတစ်ဆင့် ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပုသိမ်မြို့မှ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်သို့ပို့ဆောင်ကာ လက်နက်ငယ်ပစ်ခတ်နည်းများ သင်ကြားရန် စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

သာပေါင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ရဲအင်အား နည်းပါးနေသည့်အတွက် ကျေးရွာများမှ ခေါ်ယူထားသောပြည်သူ့စစ်များဖြင့် ခံစစ်ပြင်ဆင်ရန်နှင့် ဒေသတွင်း လုံခြုံရေး ဆောင်ရွက်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်းဒေသခံများမှ သုံးသပ်​သည်။

#သာပေါင်းမြို့နယ် #စစ်ကောင်စီ #ခံစစ်ပြင် #ပြည်သူ့စစ်များကိုအသုံးပြုရန်ပြင်ဆင် #Ayeyarwaddy_Times