
စစ်တပ်ကသာ ဆန္ဒရှိသူ တပ်ကထွက်လိုရတယ်ဆိုပါက ယခင်က အလံတိုင်ပဲ ကျန်မယ်ဆိုပေမယ့် ယခု အလံတိုင်ပါ ပြေးသွားမယ့်အခြေအနေ ဟုဆို
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
မြန်မာနိုင်ငံ နေရာဒေသအသီးသီးတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး တော်လှန်ရေးတပ်ဖွဲ့များ ဘက်မှ အင်အားကောင်းလာသည်အမျှ စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင်များမှ လက်နက်ချ အလင်းဝင်မှုများ ပိုမိုများပြားလာကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များ၏ လက်နက်ချ အလင်းဝင်ရောက်မှုမှာ ယခုလ ဇန်နဝါရီဒုတိယပတ် အတွင်း၌ပင် အယောက် ၃၀ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့ အသီးသီး၏ ထုတ်ပြန်ချက် များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ကလည်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီ၏ စစ်စခန်းများ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခံနေရသည့် ဖာပွန်ဒေသရှိ စစ်ကောင်စီတပ်လက်အောက်ခံ လှဂွန်းပျိုစခန်းမှ ခေါင်းဆောင် ဗိုလ်မှူးတစ်ဦး နှင့် တပ်ဖွဲ့ဝင် ၁၅ ဦးမှာ လက်နက်ခဲယမ်းအများအပြားဖြင့် PDF ထံ အလင်းဝင်ရောက်ခဲ့ကြသည်။
“တိုက်ပွဲအခြေအနေက စကစ(စစ်ကောင်စီ) အပေါ်သက်ရောက်မှုရှိ မရှိဆိုတာကတော့ အသိ သာကြီးပါ။ ဖိတိုက်လေ ပြေးလေပဲ။ အလင်းဝင်တဲ့သူတွေ ဆက်တိုက်တိုးလာနေပါတယ်။ စစ်တပ် ကသာ ဆန္ဒရှိသူတပ်ကထွက်လို့ရပါတယ်ဆိုရင် ယခင်က အလံတိုင်ပဲ ကျန်မယ်ဆိုပေမယ့် အခုကတော့ အလံတိုင်ပါ ပြေးသွားမယ့်အခြေအနေပါ” ဟု ပြည်သူ့ရင်ခွင်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့သို့ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်လာသူများထဲတွင် စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေကြောင့် တပ်သား သစ်အဖြစ် အတင်း အဓမ္မ စုဆောင်းခံခဲ့ရသည့် တပ်သားသစ်များလည်းပါဝင် ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း စစ်မှုထမ်း အမှတ်စဉ်(၅) သင်တန်းဆင်းများဖြစ်ကြသည့် ဘုတ်ပြင်းအခြေစိုက် ခမရ-၅၅၉ တပ်ရင်းမှ တပ်သားနှစ်ဦးမှ ဒေါနစစ်ကြောင်းထံ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့ပြီး ၎င်းတို့မှာ ထိုင်းဘက်တွင်ရဲဖမ်းခံရပြီးနောက် မြန်မာဘက်သို့ ပြန်လည် ပို့ဆောင်ခံရစဥ် တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရခြင်းဖြစ်ကြောင်း ဒေါနစစ်ကြောင်း ထံက သိရသည်။
“ကျွန်တော်တို့တွေက ဒီလိုမျိုးကိစ္စရပ်တွေဖြစ်လာရင် အမြဲတမ်းနွေးထွေးစွာကြိုဆိုမှာပါ။ ကျွန်တော်တို့ တိုက်ပွဲအတွင်းလက်နက်ချတာတောင်မှ စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်တာ ပြုလုပ်ခဲ့ပြီဖြစ်တယ်။ ဒီလိုမျိုးကြိုတင်ချိတ်ဆက်ပြီးတော့ ပူးပေါင်းတယ် အလင်းဝင် တယ် ဆိုရင်တော့ ကျွန်တော်တို့ဝမ်းပန်းတသာပဲ ကြိုဆိုတယ်။ ပြီးသွားရင်ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပြီးတော့ အတိုင်းအတာတစ်ခုအထိ ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်မှုနှင့် ပတ်သက်၍ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ ပြန်ကြား ရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ် ပြောဆိုထားသည်။
ရှမ်းမြောက်တိုက်ပွဲများအပြီး ရခိုင် နှင့် ကချင်ဒေသများအပါအဝင် ကရင်နီ၊ ကရင်၊ တနင်္သာရီ၊ စစ်ကိုင်း၊ မကွေး ဒေသများတွင်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာပြီး ကျန်ဒေသများမှာလည်း စစ်ပွဲအခြေအနေများ ကူးစက်လာသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားမှာ အလင်းဝင် ရောက်မှုများ ဆက်တိုက်ပြုလုပ်လာကြသည်။
ယခု ဇန်နဝါရီ အတွင်းတွင်ပင် တီးတိန်၊ ဆော၊ ထီးလင်း၊ ဝက်လက်၊ ပခုက္ကူ၊ ပေါက်၊ ဖာပွန်၊ ကော့ကရိတ်၊ ဘုတ်ပြင်း စသည့် မြို့နယ်အသီးသီးမှ ရဲ နှင့် တပ်သား အသီးသီးမှာလည်း တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်ရောက်မှုများ ပြုလုပ်ခဲ့ကြသည်။
“ဆက်တိုက်တော့ပြေးနေကြတာပဲ။ ကယ်ထားရတာရှိတယ်။ အိမ်ပြန်ပို့ပေးရတာရှိတယ်။ နယ်မြေ အသီးသီးမှာ” ဟု ပြည်သူ့ရင်ခွင် အဖွဲ့အစည်းမှ တာဝန်ရှိသူက ဆက်လက်ပြောပြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီး နှင့် မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးထံ အလင်းဝင်ရောင်လာသူ စုစုပေါင်းမှာ ပြီးခဲ့သည့် ဩဂုတ်မှ ဒီဇင်ဘာအထိ ငါးလတာ ကာလအတွင်း ၁၅၁ ဦး ရှိပြီဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့က ပြောကြားခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီ သမ္မတ ဒူဝါလရှီးလ၏ နှစ်သစ်ကူး နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် “စစ်ကောင်စီတပ်တွင် ရှိနေသည့် တပ်မတော်ကို ဦးဆောင်ဦးရွက်ပြုနေသည့် စစ်ဗိုလ်ချုပ်ကြီးများနှင့် မြေပြင်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် အသက်ပေးကာကွယ်ပေးနေသော တပ်မတော်သားများအနေဖြင့် တိုင်းပြည် ရှေ့ရေးကို ဦးတည်ပြီး အမြန်ဆုံးပြည်သူလူထုနှင့် ပူးပေါင်းချိန်တန်ပြီ” ဟု တိုက်တွန်း ပြောကြား ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – အလင်းဝင်ရောက်လာသူများ
#စစ်ကောင်စီ #လက်နက်ချ #အလင်းဝင် #PDF #တပ်သားသစ် #စစ်မှုထမ်းဥပဒေ #Ayeyarwaddy_Times