ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ရက်

အာရက္ခတပ်တော် (AA) က သိမ်းယူရန်ကျန်ရှိနေသေးပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားထားသည့် မြို့တော်စစ်တွေတွင် စစ်ကောင်စီက ဒုက္ခသည်စခန်းများမိခေါ်ယူ၍ စစ်သင်တန်းပေးထားသည့် မူဆလင်လက်နက်ကိုင်များကို လုံခြုံရေးယူခိုင်းထားကြောင်း သိရသည်။

စစ်ကောင်စီသည် ယခုဇန်နဝါရီအတွင်းတွင် စစ်တွေမြို့တွင်းနှင့် မြို့ပြင်ရှိဂိတ်များတွင်သာမက ကင်းလှည့်စစ်ဆေးနေချိန်များတွင်ပါ စစ်သင်တန်းပေး၍ လက်နက်တပ်ဆင်ပေးထားသည့် မူဆလင် လူငယ်များကို အသုံးချလာကြောင်း သိရသည်။

“မောင်တောမှာ ARSA၊ RSO တွေကို သုံးပြီး စစ်တပ်ကတိုက်ခဲ့တာလေ အခုလည်း အဲဒီလိုလုပ်မယ် လို့ထင်တယ်။ ဒုက္ခသည်စခန်းတွေကနေ ခေါ်ထုတ် စစ်သင်တန်းပေးထားတဲ့ မူဆလင်လူငယ်တွေကို ရည်ရွယ်ချက်ရှိရှိ သုံးလာတာဖြစ်မယ်” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တွေရှိ ရွှေမင်းဂံ၊ ဆတ်ရိုးကျ၊ ကျားမသောက်၊ အမြင့်ကျွန်းတံတားစသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့တွင် မူဆလင်လူငယ်များကို လက်နက်အပြည့်အစုံတပ်ဆင်ပြီး လုံခြုံရေး ယူခိုင်းထား ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် မတ်လမှစ၍ စစ်တွေရှိ မူဆလင်ဒုက္ခသည်စခန်းများဖြစ်သည့် ဘာဆာလာ၊ ဒါးပိုင်၊ အုန်းတောကြီး၊ ဘောဒူဗ၊ ဗေဒတို့မှ မူဆလင်လူငယ်များကို စခန်းတစ်ခုလျှင် လူ ၃၀၀ စီပေးရ မည်ဟုဆိုကာ ဖိအားပေး ခေါ်ဆောင် စစ်သင်တန်းပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူငယ်များကို ရက်တိုတိုနှင့် စစ်သင်တန်းပေးပြီး ရသေ့တောင်၊ သံတွဲနှင့် မောင်တော တိုက်ပွဲများသို့ပို့ခဲ့သည့် အတွက် ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ထိုသို့ မူဆလင်လူငယ်များကို လက်နက်အပြည့်အစုံတပ်ဆင်၍ လုံခြုံရေး ယူခိုင်းမှုအပေါ် ဒေသခံများက လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ပုံစာ-မောင်တောတိုက်ပွဲအတွင်း အလံဖြူထောင်ခဲ့သည့် မူဆလင်လက်နက်ကိုင်များ(ပုံဟောင်း)

#စစ်တွေ #စစ်ကောင်စီ #မူဆလင်လူငယ် #စစ်သင်တန်းဆင်း #လက်နက်တပ်ဆင် #လုံခြုံရေးယူခိုင်း #Ayeyarwaddy_Times