ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇန်နဝါရီ ၁၂ ရက်)

ညဦးချိန်မှာ အအေးဓာတ်လေး ပိုလာပါပြီ။ ညနက်လေလေ ဆောင်းအငွေ့အသက်တွေ ကဲလာလေလေ အချမ်းငွေ့လွှမ်းခြုံလေလေမို့ ယခုလို အေးမြခြောက်သွေ့တဲ့ ဆောင်းရာသီမှာ အသားအရေ ပြောင်းလဲမှုအချို့ကို ခံစားရနိုင်ပါတယ်။

ဆောင်းရာသီကာလမှာတိုက်ခတ်လေ့ရှိတဲ့ မြောက်ပြန်လေအေးကြောင့် အရေပြားခြောက်သွေ့ခြင်း၊ အရေပြားအနီစက်များထွက်ခြင်း၊ ယားနာထွက်ခြင်း၊ နှင်းခူယားနာအင်ပြင်များကြွလာခြင်း၊ ဝက်ခြံပိုပေါက်လာခြင်း၊ လက်‌ချောင်းခြေချောင်းထိပ်များနီရဲရောင်ရမ်းခြင်း၊ အရေပြားနှင်းကိုက်ခြင်း၊ နှုတ်ခမ်းသားခြောက်သွေ့ကွဲအက်ခြင်း၊ ဗောက်နှင့်ပွေး‌ပေါက်ခြင်းတွေ ကြုံတွေ့ရတတ်ပါတယ်။

#အရေပြားခြောက်‌သွေ့ခြင်း (Dry skin)

ရာသီဥတုအေးစိမ့်ခြင်းနှင့်အတူ အေးမြခြောက်သွေ့တဲ့ဆောင်းလေညင်းက အရေပြားရဲ့အစိုဓာတ်ကို ခမ်းခြောက်သွားစေပြီး အရေပြားအပေါ်လွှာများကွာကျခြင်း၊ အရေခွံကျွတ်ခြင်းယားယံခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး၊ ခြေထောက်လက်ထောက် နေရာတွေမှာ အပေါ်ယံအရေပြားလန်ကာ ကွာကျခြင်းကိုတွေ့မြင်ရနိုင်ပါတယ်။
အရေပြားကွာခြင်းကို ကြုံတွေ့ရတဲ့အခါ စနိုး၊ အသားလှဆီ လိုးရှင်း(Lotion) ကဲ့သို့သော အသားအရေ ထိန်းသိမ်းပေးတဲ့ အရေပြားလိမ်းခရင်မ်တွေကို လိမ်းကြရပါတယ်။

အသားရေနူးညံ့ချောမွေ့စေဖို့အတွက် ရေဓာတ်ဖြည့်မွိုက်ချာရိုက်ဇာ (Moisturize) ခရင်မ်များကို မျက်နှာသစ်ပြီးတိုင်း ရေချိုးပြီးတိုင်း လိမ်းပေးသင့်ပါတယ်။ ဒါအပြင် ရေငွေ့ထုတ်စက် (humidifier) ကို အသုံးပြုပြီး နေထိုင်ရာအခန်းမှာ ရေငွေ့စိုထိုင်းဆများစေခြင်းက အရေပြားခြောက်ခြင်းကို သက်သာစေ နိုင်ပါတယ်။

ရေကိုအချိန်ဆွဲ၍ ကြာကြာချိုးခြင်း၊ ရေပူချိုးခြင်း၊ ဓာတုဆေးများများပါသောဆပ်ပြာများသုံးခြင်း၊ ရေချိုးဇလုံတွင်ဆပ်ပြာမြှုပ်များ ပလုံစီထ၍ရေစိမ်ခြင်းတွေက သင့်အရေပြားကို ပိုခြောက်သွေ့ စေတာကြောင့် ဆင်ခြင်သင့်ပါတယ်။
အရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ဖို့ သောက်ရေများများသောက်ဖို့လိုအပ်ပြီး သစ်သီးဖျော်ရည်၊ ဒိန်ချဉ်၊ နွားနို့ တွေကို သောက်သုံးပေးသင့်ပါတယ်။ လက်အိတ်၊ ခြေအိတ်တွေစွပ်ထားခြင်းကလည်း အအေးဒဏ်မှကာကွယ်တာကြောင့် အသုံးပြုသင့်ပါတယ်။

ယခုလို ဆောင်းရာသီမှာ နေကြာစေ့၊ ကန်စွန်းဥ၊ ငရုတ်ကောင်း စတဲ့ စားစရာတွေကို စားသုံးပေးပါက အရေပြားအတွက် ကောင်းကျိုးများရစေပြီး အစာအာဟာရစုံစုံလင်လင် မျှမျှတတ စားသောက်ပေးဖို့ လိုအပ်ပါတယ်။

နှင်းကိုက်ခြင်းကဲ့သို့ ချမ်းအေးလွန်းတဲ့ဒဏ်ကြောင့် လက်ထိပ်ခြေထိပ်၊ နှာခေါင်းထိပ်၊ နားရွက်ထိပ် ကလေးများ သွေးလျှောက်နည်းပြီး အရေပြားခြောက်သွေ့လျက် နာကျင်ကိုက်ခဲခြင်းမျိုး မခံစားရဖို့ နွေးနွေးထွေးထွေးဝတ်ဆင်သင့်ပါတယ်။

#အရေပြားအနီစက်များထွက်ခြင်း (Winter rash)

ရာသီဥတုအေးမြခြောက်သွေ့ခြင်းကြောင့် လူတချို့မှာတော့ ခန္ဓာကိုယ်၊ ခြေ၊ လက် နေရာအနှံ့မှာ အနီရောင်အစက်အပြောက်တွေ ဟိုတစ်ကွက် သည်တစ်ကွက် ထွက်လာတတ်ပါတယ်။ ယားယံခြင်း၊ ရောင်ရမ်းခြင်း တွေရှိတတ်ပြီး ဗိုင်းရပ်စ် (Virus)ကြောင့်ဖြစ်တဲ့ အနီစက်များနဲ့လည်း ပုံသဏ္ဍာန်တူတာမို့ စောင့်ကြည့်သင့်ပါတယ်။

#နှင်းခူယားနာအင်ပြင်များကြွလာခြင်း (Eczema, psoriasis, and rosacea)

အေးမြခြောက်သွေ့တဲ့လေကြောင့် အရေပြားအနီပြင်များ၊ နှင်းခူများ၊ ယားနာများ ကြွလာတက်ပြီး နာတာရှည်အရေပြားပြဿနာများ အဖြစ်ရင်ဆိုင်ရပါတယ်။ ပိုမဆိုးရအောင် အရေပြားအထူးကု သမားတော်နဲ့ ပြသပြီး ဆောင်းတွင်းမှာ နိုင်နိုင်နင်းနင်းကုသထားသင့်ပါတယ်။

#ဝက်ခြံ (Acne)

မြောက်ပြန်လေတိုက်တဲ့ ဆောင်းရာသီမှာ အရေပြားပေါ်မှာ ပေါက်တဲ့ ဝက်ခြံများလည်းပဲ ဆိုးရွားတတ်တာမို့ အိပ်ရာခင်း ခေါင်းအုံးစွပ်များ မကြာခဏ လဲလှယ် လျှော်ဖွတ် သန့်စင်ဖို့ လိုအပ်ပါတယ်။

#လက်‌ချောင်းခြေချောင်းထိပ်များနီရဲရောင်ရမ်းခြင်း (Chilblains)

လက်ထိပ်ခြေထိပ် အစွန်အဖျားရှိ သွေးကြောလေးများ အအေးဒဏ်ကြောင့် သွေးမစီးဆင်းနိုင်တော့အောင် သွေးကျောကျဉ်းသွားခြင်းကြောင့် အရောင်ပင်ပြောင်းသွားကြပါသည်။ နီနီရဲရဲ ဖောင်းဖောင်းတင်းတင်း လက်ထိပ်ခြေထိပ်လေးများမှာ နာကျင်ခြင်းကို ခံစားရပါတယ်။ ရေကိုင်လိုက်တိုင်း လက်ချောင်းထိပ်ကလေးများ ထုံကျဥ်ခြင်းကို ခံစားရပြီး ဖောင်းတင်းနေတဲ့ လက်ချောင်းထိပ်ခြေချောင်းထိပ်လေးများကို ကုတ်ခြစ်ခြင်းများ မလုပ်ရပါ။ အရေပြားချောမွေ့စေတဲ့ ခရင်မ်များသုံးရပါမယ်။

အနွေးထည်ထူထူဝတ်ခြင်း၊ လက်အိတ် ခြေအိတ်ထူထူများစွပ်ခြင်းဖြင့် ခန္ဒာတစ်ခုလုံး နွေးနွေး ထွေးထွေးထားရမှာဖြစ်ပြီး လက်ချောင်းခြေချောင်းလေးများသန်မာစေဖို့ လက်ချောင်းထိပ်ခြေချောင်း ထိပ်အကွေးအဆန့် လေ့ကျင့်ခန်းများ လုပ်ပေးရပါမယ်။

အကိုက်အခဲနာကျင်မှု‌တွေသက်သာစေဖို့ ပါရာစီတမော (paracetamol)၊ အိုင်ဘျူပရိုဖန် (ibuprofen) စတဲ့ အကိုက်အခဲပျောက်ဆေးများ ဖြင့်ကုသပေးရမှာဖြစ်ပြီး အရောင်ကျစေဖို့ကိုတော့ ဆရာဝန် ညွှန်ကြားချက်ဖြင့် စတီးရွှိုက်လိမ်းဆေး ဗိုက်တာမင်-ဘီ နှင့် အခြားဆေးဝါးများပေးပြီး ကုသပေးရပါမယ်။ နှစ်ပတ်သုံးပတ်အတွင်း ရောဂါပျောက်ကင်းသက်သာသွားတတ်သော်လည်း နောက်တစ်ခေါက်ထပ်ဖြစ်ဖို့အလားအလာ ထပ်ရှိနေတာကြောင့် အအေးဒဏ်ခံရသူတို့ ကြောက်ရွံ့ကြ ပါတယ်။

#ခြောက်သွေ့ကွဲအက်နှုတ်ခမ်းများ (Chapped lips)

ဆောင်းရာသီရောက်တိုင်း နှုတ်ခမ်းခြောက်သွေ့ခြင်းက ပြဿနာတစ်ခုလို လူအများစုကြုံ တွေ့ရပါတယ်။ နှုတ်ခမ်းအရေပြားက ခြောက်သွေ့လွယ်ပြီး အရေပြားပါးလွှာတာကြောင့် ချမ်းအေးတဲ့ ဆောင်းရာသီမှာ နှုတ်ခမ်းကွဲအက်၍ နာကျင်ခြင်းကို လူအများခံစားရပါတယ်။ နှုတ်ခမ်းကွဲအက်ခြင်းကို ကာကွယ်ဖို့ နှုတ်ခမ်းကိုအဆီဆိုးကြပါတယ်။ အရောင်မပါနှုတ်ခမ်းနီ (Lips Balm) များကို လူသုံးများကြပါတယ်။

ယားနာများနှင့်ဆောင်းရာသီက အမြဲ ယှဉ်တွဲနေပါသည်။ချမ်းစိမ့်ခြင်းကြောင့် လူအများစု ဆောင်းတွင်းမှာ တကိုယ်ရည်ရေသန့်ရှင်းရေး အားနည်းတတ်ကြပါတယ်။ ပွေး နှင့် ဗေါက် ကဲ့သို့ မှိုရောဂါများအဖြစ်များပါတယ်။ ယားနာပေါက်ပါကလည်းမရှက်ရွံနေဘဲ မှန်ကန်တဲ့ကုသမှုကိုခံယူပါ။ အရေပြားအထူးကုဆရာဝန်များနှင့်လည်းတွေ့ဖို့မရှက်ပါနှင့်။ တကိုယ်ရည်ရေသန့်ရှင်းရေးဂရုစိုက်ပြီး ယားနာများကင်းရှင်းစေဖို့ ကုသကြပါ။ ဆောင်းရာသီအသားရေပြဿနာများကြောင့် စိတ်ညစ်မနေဘဲ အအေးဓါတ်ကို ကောင်းမွန်စွာဖြတ်ကျော်နိုင်ကြပါစေ။

နောက်တစ်ပတ်မှာတော့ သွေးဖိအားတိုင်းတာခြင်း သို့မဟုတ် သွေးပေါင်ချိန်ခြင်း အကြောင်းအရာကို တင်ဆက်ပေးမှာဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။ ဆောင်းရာသီမှာ ကျန်းမာလန်းဖြာနိုင်ကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ဟေမာန်ဆောင်းနှင့်အသားအရေ #အလှအပရေးရာကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times