ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ရက်

အာရက္ခတပ်တော် (AA) သည် အမ်း- ပဒါန်းလမ်းရှိ စစ်ကောင်စီ၏ ဂုတ်ကြီး ဗျူဟာစခန်းနှင့် နောက်ထပ် စခန်းနှစ်ခုကို တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

AA သည် ယမန်နေ့ ဇန်နဝါရီ ၁၁ရက်နေ့က မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ဂုတ်ကြီးဗျူဟာစခန်း၊ လင်းတဲကာကင်းနှင့် စွန်တက်ကာကင်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကူလမ်းကြောင်းများမှာ ပို့လွှတ်၍မရတော့သဖြင့် လေကြောင်းပစ်ကူ အဓိကပေးနေကြောင်း သိရသည်။

“ဂုတ်ကြီးက အမြောက်တွေပါဆင်ထားတဲ့ စခန်းတွေပါ။ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ မကြာခဏထိတွေ့မှုရှိတယ်။ အခုအခြေအနေက AAက အပြီးသိမ်းမယ့်သဘောပဲ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ အဆိုပါဂိတ်စခန်းများ အသိမ်းခံလိုက်ရပါက ငဖဲမြို့နယ်အတွင်းရှိ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) နှင့် အမှတ် (၉၀၅) အမြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၅) တို့ပါ တိုက်ခိုက်ခံရနိုင်၍ အမ်းမြို့နယ်ကို AA သိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ငဖဲတွင် စစ်အင်အားတိုးချဲ့ထားကြောင်း သိရသည်။

ထို့အပြင် AAသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အမ်း- ပဒါန်းလမ်းပိုင်း နယ်မြေစိုးမိုးမှုကို အမ်းဘက်ခြမ်းမှ စစ်ကောင်စီ စခန်းတစ်ခုမျှမကျန်အောင် သိမ်းယူထားပြီးဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဘက်ခြမ်းအထိထိုးစစ်ကို AA ကစတင်လိုက်ပြီး ဒေသကာကွယ် ရေးတပ်ဖွဲ့များဖြစ်သည့် PRA မကွေး၊ အရှိုချင်း ACDFနှင့် ကျောင်းသားလက်ရုံးတပ် SAFတို့နှင့် ပူးပေါင်းတိုက်ပွဲဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

AA သည် အမ်း၊ မကွေးအစပ်တွင်သာမက ဧရာဝတီတိုင်းနှင့် တောင်ကုတ်- ပန်းတောင်းလမ်းပိုင်းထိပါ စစ်မျက်နှာဖွင့် တိုက်ပွဲဖော်ဆောင်နေကြောင်း သိရသည်။

#အမ်း #ပဒါန်း #ငဖဲ #စစ်ကောင်စီ #ဂုတ်ကြီးဗျူဟာ #AA #တိုက်ခိုက် #Ayeyarwaddy_Times