ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၏ လူနေထူထပ်သော နေရာများဖြစ်ကြသည့် ရပ်ကွက် နှင့် ဈေးအတွင်းသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံ ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက် နှင့် ဈေးအပါအဝင် လူနေထူထပ်သည့် နေရာများကို အဓိကဦးတည်၍ ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ ဂျက်တိုက် လေယာဉ်များဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။
နံနက် ၉ နာရီခန့်တွင် တစ်ကြိမ်၊ ၉ နာရီ ၁၀ မိနစ်ခန့်တွင် တစ်ကြိမ်၊ ၉ နာရီ ၁၅ မိနစ်ခန့်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သုံးကြိမ်အတွင်း ဗုံးအရေအတွက် ၁၅ လုံးခန့် ကို ကြဲချ၊ ပစ်ခတ်၊ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့ ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလာ အရပ်သားပြည်သူတချို့ သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပြီး၊ ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့သည်ဟု AA က ဆိုသည်။
လတ်တလောတွင် သေဆုံးသူဦးရေ ငါးဦးထက်မနည်း ရှိနေပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်းကို ဒေသခံများထံများမှ သိရပြီး ထိခိုက်၊ သေဆုံး၊ ပျက်စီးဆုံးရှုံးမှု အရေအတွက်များကို ဆက်လက်ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း AA က ဆိုထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၈ရက်နေ့ကလည်း ရမ်းဗြဲမြို့ကို ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၄၀ ကျော်သေ ဆုံးပြီး ၅၀နီးပါးထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီသည် AA သိမ်းပိုက်ထားသည့် နယ်မြေများရှိ အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်ကြောင်း AA ၏ ထုတ်ပြန်ထားသည်။
#ကျောက်တော် #စစ်ကောင်စီ #ဗုံးကြဲ #အရပ်သားပြည်သူ #ထိခိုက်သေဆုံး #Ayeyarwaddy_Times