ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ရက်

ဟူးကောင်းဒေသ၊ တနိုင်းမြို့နယ်အတွင်းရှိ လပူခနှင့် စန်လွန် ရွှေမှော်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ ၁၁ရက် မနက် ၁၁နာရီခန့်တွင် တနိုင်းမြို့နယ်အတွင်းရှိ ရွှေမှော်နှစ်ခုကို စစ်ကောင်စီက ၂ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁၅ဦးခန့်သေဆုံးပြီး ၁၀ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ဗန်းမော်ဘက်နဲ့ ဟုမ္မလင်းအစပ်မှာရှိတယ်။ အခုဗုံးကြဲ ခံရတဲ့ဘက်တွေ တိုက်ပွဲမရှိဘူး။ တနေ့ကလည်း ဖားကန့်ဘက်ကြဲတယ်။ ဒီနေ့ ရွှေမှော်တွေကို လာကြဲတာ” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လပူခနှင့် စန်လွန် ရွှေမှော်များအပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၂)၊ တပ်ရင်း ၁၄ဘက်သို့လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရသည့် နေရာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့တစ်ရက်တည်းတွင်ပင် ရခိုင်ပြည်နယ်ရှိ ကျောက်တော်မြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ပုံစာ-စစ်ကောင်စီက တနိုင်းရွှေမှော်ကို ဗုံးကြဲပီးနောက်တွေ့ရစဥ်
#တနိုင်း #ရွှေမှော် #စစ်ကောင်စီ #ဗုံးကြဲ #ဒေသခံ #ထိခိုက်သေဆုံး #Ayeyarwaddy_Times