ဧရာဝတီတိုင်းမ်
(ဖာပွန်)၊ ဇန်နဝါရီ ၁၁ ရက်
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ဖာပွန်-ဘီးလင်း ကားလမ်းမအနီးရှိ စစ်ကောင်စီစခန်းတစ်ခုဖြစ်သည့် လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦးမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့က ပြည့်သူကာကွယ်ရေးတပ်ဖွဲ့(PDF) ထံ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
လှဂွန်းပျိုစခန်းသည် အင်အား ၃၀ ဝန်းကျင်ရှိ တပ်စခန်းတစ်ခုဖြစ်ပြီး ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများသို့ ထောက်ပို့သွားရာလမ်းကြောင်းတွင်ရှိကာ အရေးပါသည့်တပ်စခန်းတစ်ခု ဖြစ်သည်။
လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူးနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF အမှတ်(၂၇) ဗျူဟာတာဝန်ခံနှင့်ချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လှဂွန်းပျိုစခန်းက ကျွန်တော်တို့ အဓိက ဖာပွန်ဗျူဟာကို အထောက်အကူပြုလို့ရတဲ့ ဒေါက်တိုင် စခန်းတစ်ခုဖြစ်တယ်။ အဲ့ဒီမှာ ကျွန်တော်တို့ဆီကို အလင်းဝင်တဲ့အထဲ အကြီးဆုံးက ဗိုလ်မှူးပါခင်ဗျ” ဟု တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်နက်ချ အလင်းဝင်ရောက်လာသည့် ဗိုလ်မှူး နှင့် တပ်ဖွဲ့ဝင်များမှာ ၎င်းတို့နှင့်အတူ ၈၁ မမ စိန်ပြောင်း တစ်လက်၊ လက်နက်ကြီး၊ လက်နက်ငယ်များ၊ မိုင်းများ၊ ခဲယမ်းများ နှင့် စစ်သုံးဆက်စပ်ပစ္စည်းများကိုပါ ယူဆောင်လာခဲ့ကြောင်းလည်း သိရသည်။
ထို့သို့ လက်နက်ချ အလင်းဝင်ရောက်လာသူများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန် ထားသည်။
“ကျွန်တော်တို့တွေကဒီလိုမျိုးကိစ္စရပ်တွေဖြစ်လာရင်အမြဲတမ်းနွေးထွေးစွာကြိုဆိုမှာပါ။ ကျွန်တော်တို့ တိုက်ပွဲတွင်းလက်နက်ချတာတောင်မှ စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက် တာမျိုးပဲ ပြုလုပ်ခဲ့ပြီဖြစ်တယ်။ ဒီလိုမျိုး ကြိုတင်ချိတ်ဆက်ပြီးတော့ ပူးပေါင်းတယ် အလင်းဝင်တယ် ဆိုရင်တော့ ကျွန်တော်တို့ဝမ်းပန်းတသာပဲ ကြိုဆိုတယ်။ ပြီးသွားရင် ကောင်းကောင်းမွန်မွန် စောင့်ရှောက် ထားပြီးတော့ အတိုင်းအတာတစ်ခုအထိ ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု အမှတ်(၂) စစ်ဒေသ ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ အတွင်းကလည်း စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တစ်ဦးအပါအဝင် တပ်သား နှင့် ရဲ စုစုပေါင်း ၂၈ ဦးမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များထံသို့ လက်နက်ချအလင်းဝင်ရောက်ခဲ့ကြောင်း NUG ထုတ်ပြန်ချက် အရ သိရသည်။
ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ
#ဖာပွန် #လှဂွန်းပျိုစခန်း #အလင်းဝင် #စစ်ကောင်စီ #ဗိုလ်မှူး #PDF #Ayeyarwaddy_Times