နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
မြန်မာနိုင်ငံတွင် အဓမ္မ အာဏာသိမ်းယူထားသည့် စစ်ခေါင်းဆောင်က မရှုမလှ စစ်ရှုံးလာချိန် အာဏာရှင်နိုင်ငံအချင်းချင်း ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းတိုးမြှင့်ရေးအတွက် ၎င်းအား ဖိတ်ခေါ် ထားသော ဘီလာရုဇ်နိုင်ငံမှ တာဝန်ရှိသူများနှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဥရောပ၏ “နောက်ဆုံး အာဏာရှင်နိုင်ငံ” ဟု သတ်မှတ်ခံထားရသော ဘီလာရုဇ် နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Maxim RYZHEN-KOV ဦးဆောင်အဖွဲ့သည် ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ယမန်နေ့ ဇန်နဝါရီ ၉ ရက်က စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ထိုသို့ စစ်ခေါင်းဆောင်နှင့် ဘီလာရုဇ် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ် သံတမန်ဆက်ဆံရေး၊ ကုန်သွယ်ရေးနှင့် ကာကွယ်ရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးဝါး၊ စက်မှုနှင့် ခရီးသွား စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီအာဘော် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။
ထို့အပြင် ဘီလာရုဇ် နိုင်ငံခြားရေးဝန်ကြီးသည် စစ်ကောင်စီ၏ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံ တို့နှင့်လည်း သီးခြားတွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံမှုများတွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် နီးကပ်စွာဆက်လက် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့အပြင် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရန် ပူးတွဲဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့်စာလွှာကိုလည်း လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။
ဘီလာရုဇ်နိုင်ငံသည် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို တရုတ်၊ ရုရှားနိုင်ငံနည်းတူ ထောက်ခံခဲ့သလို နည်းပညာနှင့် စစ်လက်နက်ပစ္စည်းများကို မြန်မာစစ်တပ်အား ရောင်းချနေသည်ဟု သတင်းများကြောင့် နိုင်ငံတကာတွင် ဝေဖန်ပြစ်တင်ခံနေရချိန် ၂၀၂၃ ခုနှစ်တွင် ၎င်းနိုင်ငံ၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ ဘီလာရုဇ် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ ဘီလာရုဇ် သံအမတ်ကြီး၊ ဘီလာရုဇ်နိုင်ငံ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဆိုင်ရာဝန်ကြီးဌာနတို့မှ ဒုဝန်ကြီးများလည်း လိုက်ပါလာကြောင်း သိရသည်။
ထိုဘီလာရုဇ်နိုင်ငံ ဝန်ကြီးဌာနတို့မှ ဒုဝန်ကြီးများနှင့်လည်း နေပြည်တော်တွင် စစ်ကောင်စီ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာအေးထွန်း၊ စက်မှုဒုဝန်ကြီး ဦးရင်မောင်ညွန့်တို့ သီးခြားတွေ့ဆုံခဲ့ပြီး ဆေးဝါး၊ လျှပ်စစ်သုံးယာဉ်၊ ကြွေထည်၊ ရော်ဘာ စသည်တို့ကို ထုတ်လုပ်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်ကလည်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘီလာရုဇ် သံအမတ်ကြီး Mr.Uladzimir Baravikou သည် နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နှင့် သံတမန် ဆက်ဆံရေး၊ ကာကွယ်ရေး ပူးပေါင်းတိုးမြှင့်ရန် ဆွေးနွေးခဲ့သည်။
ယင်းဘီလာရုဇ်နိုင်ငံသည် အရှေ့ဥရောပရှိ ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ရုရှား၊ ယူကရိန်း၊ ပိုလန်၊ လစ်သူယေးနီးယား၊ လတ်ဗီယာနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသလို ယင်းနိုင်ငံ၏ သမ္မတဖြစ်သူ အလက်ဇန္ဒား လူကာရှန်ကိုသည် ၁၉၉၄ ခုနှစ်ကတည်းက အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေကြောင်း သိရသည်။
ထို့အတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၂၅)နှစ်ပြည့် နှစ်ပတ်လည်နေ့ သဝဏ်လွှာပေးပို့ရာတွင် မကြာခင်အချိန်အတွင်း ဘီလာရုဇ်သို့ လာရောက် ကာ အနာဂတ်အတွက် နှစ်နိုင်ငံလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင် #အာဏာရှင်နိုင်ငံအချင်းချင်း #ကာကွယ်ရေး #ပူးပေါင်းတိုးမြှင့်ရေး #ဘီလာရုဇ် #တွေ့ဆုံဆွေးနွေး #Ayeyarwaddy_Times