ဧရာဝတီတိုင်းမ်
(ဆီဆိုင်)၊ ဇန်နဝါရီ ၁၀ ရက်

ရှမ်းပြည်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် PNO တပ်ဖွဲ့တို့ ပူးပေါင်းအထိုင်ချထားသည့် ရွှေတဂူတပ်စခန်းကို ယမန်နေ့ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုမှ စခန်းသိမ်းပိုက်နိုင်ခဲ့ ကြောင်းသိရသည်။

အဆိုပါစခန်းသိမ်းတပ်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦး သေဆုံးကာ လက်နက် ၃၀ သိမ်းဆည်းရမိခဲ့ပြီး အသက်မပြည့်သေးသည့် စစ်သုံ့ပန်းတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

“၁၅ နှစ်အရွယ်ကလေးတစ်ဦးကို PNO ဖက်က အတင်းအဓမ္မ စစ်သားစုဆောင်းတာကနေ ခေါ်လာတာဖြစ်ပြီးတော့မှ ဂိတ်မှာဆက်ကြေး ကောက်တာတွေ မူးယစ်ဆေးဝါးသုံးစွဲစေပြီးတော့မှ ဆက်ကြေးကောက် လူထုကို ခြိမ်းခြောက်တာတွေ လုပ်ခိုင်းတယ်လို့ ကျွန် တော်တို့အကြမ်းဖျဉ်းသိထားရပါတယ်” ဟု KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွှေတဂူတိုက်ပွဲတွင် စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခြင်း ခံခဲ့ရသည် အသက် ၁၅ နှစ် အရွယ် ကလေးစစ်သားမှာ မောင်ဒု ဆိုသူဖြစ်ပြီး ၎င်းမှာ ဆီဆိုင်မြို့နယ်၊ တပ်တန်ရွာ မှဖြစ်ပြီး PNO တပ်ဖွဲ့ဝင်များ၏ စစ်သားစုဆောင်းခြင်းကို ခံခဲ့ရပြီး တာဝန်ထမ်းဆောင်နေသည်မှာ ခြောက်လ ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ပင်လောင်း-ဖယ်ခုံနယ်စပ် ဒေသများ နှင့် ဆီဆိုင် မြို့နယ် အတွင်းရှိ စစ်ကောင်စီထိန်းချုပ်နယ်မြေများရှိ ကျေးရွာများမှ ဒေသခံများကို စစ်မှုမထမ်းမနေရ တစ်အိမ်လျှင် တစ်ဦး အနည်းဆုံး စစ်မှုထမ်းရမည်ဟုဆိုကာ PNO ဖက်မှ တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေကြောင်းလည်း ဒေသခံများထံက သိရသည်။

ဆီဆိုင်မြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့ကလည်း စစ်ကောင်စီက ထီစုံကျေးရွာအတွင်း ဒရုန်းဖြင့် မီးလောင်ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်နှစ်လုံးနှင့် ကားတစ်စီး ပျက်စီးခဲ့ရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပေးပို့
#ဆီဆိုင် #ရွှေတဂူစခန်း #စခန်းသိမ်း #စစ်ကောင်စီ #PNA #ကရင်နီတပ်ပေါင်းစု #ကလေးစစ်သား #Ayeyarwaddy_Times