ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းနယ်မြေရဲစခန်းမှ အချုပ်သား ၁၀ ဦးထွက်ပြေးခဲ့ရာ ရှစ် ဦးလွတ်မြောက်၍ နှစ်ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၉ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် အောင်ပန်းရဲစခန်းရှိ အမျိုးသားအချုပ်ခန်းနောက်မှနေ၍ အချုပ်သားများထွက်ပြေးနေကြသည် ကိုတွေ့ရှိ၍ သေနတ်ကိုင်ဆောင်ထားသည့် ကင်းသမားအစောင့်ရဲတပ်သားတစ်ဦးက “အချုပ်သားတွေ ထွက်ပြေးနေပြီ၊ လုပ်ကြပါဦး၊ ကယ်ကြပါဦး”ဟု အော်ဟစ်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
ယင်းသို့ အော်ဟစ်အကူအညီတောင်းခံစဉ် ကင်းမှူးနှင့် အခြားရဲတပ်သားများနိုးလာပြီး အချုပ်သားများထဲမှ ညီညီအောင်ဆိုသူကို ပြန်လည်ဖမ်းဆီးရမိပြီး ကျန် ကိုး ဦးမှာထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
“ပြန်သိရတဲ့သတင်းအရ ထွက်ပြေးတာ အားလုံး ၁၀ ယောက်။ တစ်ယောက်က အချုပ်ခန်းနားမှာပဲ ပြန်ဖမ်းမိတယ်။ နောက်တစ်ယောက်ကိုတော့ ဒီမနက်မှာ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် မစခ ၉၀၃ နားမှာပြန်ဖမ်းမိတယ်။ ပြေးတဲ့သူ အကုန်လုံးအချုပ်သားတွေပါ ရဲမပါဘူး။ ရှစ် ယောက်လွတ်သွားတာ ခုထိလိုက်ရှာနေကြတုန်းပဲ။ ကင်းမှူးကိုင်တဲ့ ၁၂ ဗို့ သေနတ်ကို ယူသွားတာ သေနတ်ကကျည်မပါဘူး”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ် ကိုပြောသည်။
အချုပ်ခန်းစောင့် ကင်းသမားရဲတပ်သားသည် သေနတ်ကိုင်၍ ကင်းစောင့်နေချိန် အချုပ်သားများထွက် ပြေးသည်ကို မြင်တွေ့ချိန်၌ လုပ်ကြပါဦး၊ ကယ်ကြပါ ဦး အချုပ်သားတွေထွက်ပြေးနေကြပြီဟုဆိုကာ အော်ဟစ်အကူအညီတောင်းခံပုံကြောင့် ရဲတပ်ဖွဲ့ဝင်နှင့် အောက်ခြေရဲတပ်သားများကို ကျည်စစ်၊ ကျည်အမှန် ပေးမထားသည်ကို တွေ့ရကြောင်း ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုသည်။
ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သား ရှစ် ဦးသည် လူသေမှု၊ ခိုးမှုနှင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့်သူများဖြစ်ကာ ပုဒ်မအသီးသီးတပ်ခံထားရပြီး အသက် ၃၂ နှစ်မှ ၁၅ နှစ်ဝန်းကျင်ရှိသူများဖြစ် ကြောင်း သိရသည်။
#ရှမ်းတောင် #ကလော #အောင်ပန်းရဲစခန်း #အချုပ်သား၈ဦး #ထွက်ပြေးလွတ်မြောက် #Ayeyarwaddy_Times