ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ၊ မကျီးဇင် ကျေးရွာတွင် ခုခံနေသော စစ်ကောင်စီ တပ်ဖွဲ့၀င်များကို ဇန်နဝါရီ ၉ ရက်နေ့ညပိုင်းတွင် အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များမှ တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရှိရသည်။

ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် မကျီးဇင်ကျေးရွာရှိ ရဲစခန်းအပါအ၀င် စစ်ကောင်စီတပ်နှင့်ရဲများ ထိခိုက်သေဆုံးမှုများပြားပြီး စစ်ကောင်စီမှ လေကြောင်း၊ရေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုများကြောင်း
သိရှိရသည်။

“မနေ့ကထိ နောက်ဆုံးသိရတာတော့ လေကြောင်းကဗုံးကြဲတာ၊ ရွာကအိမ်တွေရော ၊ ဘုန်းကြီးကျောင်းတွေပါ မီးလောင်သွားတယ်ပြောတယ်။ မပြေးပဲကျန်တဲ့သူတွေလည်း ခုထိအဆက်အသွယ်မရဘူးဖြစ်နေတယ်”ဟု ကျေးရွာကို စွန့်ခွာထွက်ပြေးလာသူတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဘောမိကျေးရွာသို့ဆုတ်ခွာပြီး ခံစစ်ပြင်ဆင်ထားကာ လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရှိရသည်။

အာရက္ခတပ်တော်AAနှင့်ပူးပေါင်းတပ်များသည် ရခိုင်ပြည်နယ် ဂွမြို့ နှင့် ဧရာ၀တီတိုင်း အစပ်ဖြစ်သော ချောင်း၀ချိုင် ကျေးရွာတွင် ခံစစ်ပြင်ဆင်ထားသော စစ်ကောင်စီတပ်များကိုတိုက်ခိုက်ရာမှ စစ်ကောင်စီတပ်ဖွဲ့များသည် မကျီးဇင်ကျေးရွာဘက်သို့ဆုတ်ခွါသွားရာ လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

လက်ရှိတွင် ချောင်းဝချိုင်၊ မကျီးဇင်၊ ပေါက်လှချိုင်၊ ကုလားချောင်း၊ ပေါက်တူးကွင်း၊ ပုန်းညှက်မော်၊ ချိုင်လယ်၊ ဘောမိစသည့်ကျေးရွာမှ ဒေသခံများသည် နေအိမ်များကိုပစ်ပြီး ရွှေသောင်ယံ၊ သာပေါင်းနှင့်ပုသိမ်မြို့များကိုထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

#ပုသိမ်မြို့နယ် #မကျီးဇင်ကျေးရွာ #AA #ပူးပေါင်းတပ်များ #စစ်ကောင်စီ #ပြင်းထန်စွာခုခံနေ #Ayeyarwaddy_Times