ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ချင်းလဲန်းကောင်စီ (CC) နှင့် ချင်းညီနောင် (CB) တို့၏ ပြင်ဆင်ဆောင်ရွက်မှုကြောင့် ဒေသခံပြည်သူများသည် ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။
CC အဖွဲ့ဝင်ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ် (တီးတိန်) က တီးတိန်မြို့ဒေသခံပြည်သူများကို တစ်ပတ်တွင်း အရေးကြီးတန်ဖိုးရှိသည့် ပစ္စည်းများနှင့် စာရွက်စာတမ်းများကို ပြောင်းရွှေ့ကြရန် ပြီးခဲ့သည့် ဇန်နဝါရီ ပထမအပတ်ကပင် သတိပေးထားသည်။
“ကိုယ့်ရဲ့ပစ္စည်းတွေကို လုံခြုံစိတ်ချရတဲ့နေရာတွေကို ပြောင်းရွှေ့ခိုင်းတာပါ။ တိုက်ပွဲဖြစ်ရင် ပစ္စည်းတွေပြောင်းရတာ အဆင်မပြေမှာစိုးလို့ ပြောတယ်။ လူကတော့ တိမ်းရှောင်ကြဖို့ မပြောသေးပါဘူး။ တိုက်ပွဲဖြစ်တဲ့ခါ သတိပေးမယ်ပြောတယ်” ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ သတိပေးမှုကြောင့် ဒေသခံပြည်သူ အများစုသည် ၎င်းတို့ပစ္စည်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ပထမအပတ်ကတည်းက ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် CB အဖွဲ့ဝင်ဖြစ်သည့် PDF-Zoland သည် မြို့အနီးနားနှင့် မြို့ပေါ်ရပ်ကွက်တချို့တွင် လုံခြုံရေးကင်းလှည်မှုများဆောင်ရွက်နေသည့်အတွက် ဒေသခံပြည်သူများသည် မြို့ကိုစွန့်ခွါထွက်ပြေးတိမ်းရှောင်သူ များလာကြောင်း သိရှိရသည်။
“တိုက်ပွဲကတော့ မဖြစ်သေးပါဘူး။ ဒါပေမဲ့ PDF-Zoland ဘက်က ကင်းလှည့်တာ၊ စစ်ရေးပြင်ဆင်နေတာရှိတယ်။ PDA (တီးတိန်)ဘက်ကလည်း ပြင်ဆင်နေတယ်။ ဘယ်သူက မြို့ကိုအရင်တိုက်မလဲဆိုတာ မသိဘူး။ ပြည်သူတွေက ကြိုတင် ရှောင်နေကြတဲ့သဘောပါ” ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန်မြို့ စကော့လမ်းရပ်ကွက် နှင့် မြို့မရပ်ကွက်တွင် နေထိုင်သည့် ဒေသခံပြည်သူများ အားလုံးနီးပါးသည် တိုက်ပွဲနှင့် လွတ်ကင်းမည့် တီးတိန်မြို့နယ်ရှိ ကျေးရွာနှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တို့တွင် တိမ်းရှောင်နေကြခြင်းဖြစ်သည်။
ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းတွင်လည်း PDF-Zoland သည် ကားနှစ်စီးဖြင့် တီးတိန်မြို့ထဲ ကင်းလှည့်ပြီး သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း ဒေသခံများထံက သိရှိရသည်။
#တီးတိန်မြို့သိမ်းတိုက်ပွဲ #ချင်းလဲန်းကောင်စီ #ချင်းညီနောင် #ပြင်ဆင်ဆောင်ရွက်မှုကြောင့် #ဒေသခံများကြိုတင်တိမ်းရှောင် #Ayeyarwaddy_Times