ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်

အာဏာသိမ်းစစ်ကောင်စီက လျှပ်စစ်ဓာတ်အားဝန်ဆောင်မှုမပေးနိုင်သဖြင့် ပြည်သူများ ကိုယ့်အားကို ယ်ကိုးကာ ဆိုလာစနစ်တပ်ဆင်သူများပြားလာကြောင်း ဆိုလာလုပ်ငန်းလုပ်သူများထံက သိရသည်။

ရန်ကုန်မြို့အပါအဝင် မြို့ကြီးများရှိ ငွေကြေးတတ်နိုင်သူများက ကိုယ့်အားကိုယ်ကိုးကာ အိမ်တစ်အိမ် စာ ကုန်ကျစရိတ် ကျပ် သိန်း ၁၀၀ မှ ၂၀၀ ကျော်ရှိသော နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်မှု ( Solar) တပ်ဆင်သူများလာကြောင်း ဆိုလာလုပ်ငန်းရှင်များထံက သိရသည်။

အဆိုပါတစ်အိမ်စာဆိုလာတပ်ဆင်မှုသည် ယခင်နှစ်က ကျပ်သိန်း ၁၅၀ ခန့်ရှိပြီး ယခုနှစ်တွင် ကျပ်သိန်း ၁၈၀ ဖြစ်ကာ ကျပ် သိန်း ၃၀ ဈေးမြင့်တက်လာကြောင်းသိရသည်။

စစ်ကောင်စီက လျှပ်စီးမီးမပေးနိုင်ချိန်တွင် အိမ်တစ်အိမ်စာမီးရရှိရန်အတွက် ဆိုလာတပ်ဆင်ရာ၌ ဆိုလာပြားအကြီး လေးချပ်နှင့် ဘတ္တရီအပါအဝင် ကျပ်ငွေ သိန်း ၁၈၅ ခန့်ကုန်ကျမှုရှိကြောင်း ပြင်ဦးလွင်မြို့တွင် နေထိုင်သည့် ဆိုလာတပ်ဆင်ထားသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“စစ်တပ်က မီးမ‌ပေးနိုင်တော့ ကိုယ့်ဘာသာဆိုလာတပ်ရတာပေါ့။ ဆိုလာတွေက သူ့သား (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သားအောင်ပြည့်စုံ) သွင်းတယ်လည်းကြားတယ်။ အိမ်မှာ လူကြီးနဲ့ ကလေးတွေရှိတော့တပ်လိုက်ရတာပဲ။ အရင်ကအချိန်နဲ့ မီးလာတော့ တော်သေးတယ်။ အခုက လာချိန်လည်းမလာဘူး။ လာပြီး ၅ မိနစ်ဆိုမီးပျက်သွားပြီ။ ဘာမှလုပ်မရဘူး ” ဟု အဆိုပါ အမျိုးသမီးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင်ယခင်ထက်လျှပ်စစ်မီးရရှိရန် ပိုမိုခက်ခဲလာ၍ ငွေကြေးတတ်နိုင်သူများက ဆိုလာ စနစ်တပ်ဆင်ခြင်း၊ အသေးစားဆိုလာပစ္စည်းဝယ်ခြင်း၊ LED မီးလုံးများဝယ်ခြင်းအပါအဝင် Power bank ဝယ်သူများပြားလာကြောင်း လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များထံက သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် အခြေခံလိုအပ်ချက်ဖြစ်သည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း လျှပ်စစ်မီး ပေးခြင်းကိုပင် လုံလောက်စွာပေးနိုင်ခြင်း မရှိကြောင်း တရားဝင် ထုတ်ဖော်ပြောကြားထားပြီး ပြည်သူများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆိုလာတပ်ဆင်သည်ကိုပင် လျှပ်စစ်ပိုလျှံပါက National Grid အတွင်းကို ပေးသွင်းနိုင်ကြောင်း ဆိုထားသည်။

စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်‌သောအစည်းဝေးတွင် ပြည်သူများ အဆောက်အအုံအသစ်ဆောက်ပါက ဆိုလာစနစ်တပ်ဆင်ပြီး ပိုလျှံသည့်လျှပ်စစ်များကို National Grid အတွင်းကို ပေးသွင်းနိုင်ကြောင်း ပြောကြားထားသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအနေဖြင့်တစ်ရက်ကိုပျမ်းမျှ ၂၂၀၀ မဂ္ဂါဝပ်ခန့်သာရှိပြီး ထုတ်လုပ် နိုင်မှု၏ ၅၀ ရာခိုင်နှုန်းကို ဖြန့်ဖြူးပေးနေကြောင်း စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

လက်ရှိ စီးပွားရေးမြို့တော်ရန်ကုန်တိုင်းတွင် အုပ်စု (၃) စုခွဲကာ ၄ နာရီမီးလာ ၈ နာရီမီးပြတ်စနစ်နှင့် ၄ နာရီမီးလာ ၄ နာရီမီးပြတ်စနစ်ဖြင့်မီးပေးပြီး မန္တလေးတိုင်းတွင် အုပ်စု ( ၄ ) စုခွဲကာ ၃ နာရီမီးလာ ၉ နာရီမီးပြတ် စနစ်ဖြင့် စစ်ကောင်စီက နေခြင်းဖြစ်သည်။

စစ်အုပ်စုနေထိုင်ရာ နေပြည်တော်တွင်လည်း ၁၆ နာရီမီးလာပြီး ၈ နာရီမီးဖြတ်ပြီး ကျန်ရှိသော တိုင်းနှင့်ပြည်နယ်တို့တွင် အုပ်စုများခွဲ၍ တစ်အုပ်စုလျှင် ၆ နာရီအလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးနေကြောင်းသိရသည်။

စစ်ကောင်စီထံသည် သဘာဝဓာတ်ငွေ့ရည် ( LNG ) တည်ဆောက်ပြီး လျှပ်စစ်မီးထုတ်ရန်နှင့် မကွေးမြို့အနီးတွင် မဂ္ဂဝါပ် ၁၀၀ ထုတ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို အကောင်အထည်ဖော်နေကြောင်း ၎င်းတို့၏ ဖော်ပြချက်အရ သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်
#စစ်ကောင်စီလျှပ်စစ်မပေးနိုင် #ဆိုလာတပ်သူများပြား #ငွေကြေးတတ်နိုင်သူ #Ayeyarwaddy_Times