
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်စံပြကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၄၀ ကျော်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ ဇန်နဝါရီ ၈ ရက် နေ့လယ် ၁ နာရီခန့်က ဂျက်ဖိုက်တာဖြင့် ကျောက်နီမော် စံပြကျေးရွာကို လာရောက်ဗုံးကြဲတိုက်ခိုက်သည့် အတွက် ပြည်သူအများအပြား ထိခိုက်သေဆုံးခဲ့ပြီး အိမ်ခြေ ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရ သည်။
ကျောက်နီမော်တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ် ကွက်၊ အလယ်ပိုင်းရပ်ကွက်နှင့် ဈေးဝန်းကျင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကျောက်နီမော်ကျေးရွာတစ်ခုလုံး မီးလောင်ပျက်စီး သွားကြောင်း သိရသည်။
“တစ်ရွာလုံးနီးပါး မီးတွေလောင်ကုန်တယ်။ ဗုံးတွေရော မီးလောင်ဗုံးတွေပါ ကြဲချတာ။ ဒါအရပ်သား တွေကို ဦးတည်တိုက်ခိုက်တယ်လို့ မြင်ပါတယ်”ဟု ရမ်းဗြဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာရက္ခတပ်တော် (AA) သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့က ပြည်တွင်းရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် အသင့်ရှိကြောင်း ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက AA သိမ်းပိုက်ထားသည့်မြို့နယ်များကို ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။
ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် အင်ဇုံပြင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပုံစာ -ကျော်နီမော်ကျေးရွာ ဗုံးကြဲခံရမှုကြောင့် မီးလောင်နေပုံ
#ရခိုင် #ရမ်းဗြဲ #ကျော်နီမော် #စစ်ကောင်စီ #ဗုံးကြဲ #အရပ်သား #ပြည်သူ၄၀ကျော် #သေဆုံး #Ayeyarwaddy_Times