
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် နေရာများကို တော်လှန်ရေး တပ်ဖွဲ့များမှ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထီးလင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသာကျန်ရှိတော့၍ အလင်းဝင်ကြရန်နောက်ဆုံး အကြိမ်သတိပေးခြင်းဖြစ်ပြီး စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ရှိသူထံက သိရသည်။
“ထီးလင်းမြို့ပေါ်မှာ ပြည်သူတွေကတော့ ထွက်ခွာသွားကြပြီ။ ကျန်တာက စကစ(စစ်ကောင်စီ)နဲ့ ဝန်ထမ်းတွေရယ်၊ ပျူတွေရယ်ပဲ။ မနေ့က နောက်ဆုံးအကြိမ်သတိပေးထားတယ်”ဟု ပအဖတာဝန်ရှိသူ က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထီးလင်းမြို့ပေါ်ရှိ မြို့မရဲစခန်း၊ စိုက်ပျိုးရေးရုံး၊ မြို့နယ်ထွေအုပ်ရုံး၊ စိုက်ပျိုးရေးဘဏ်ရုံးနှင့် မြို့အရှေ့ဘက်ရှိ ရုပ်သံကုန်းနေရာများကို ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၁၀ နာရီ၃၀ မိနစ်တွင် စတင်၍ လက်နက်ကြီး ရော့ကတ် ၅၉ လုံးအပါအဝင် ၆၀ မမများဖြင့်ပါ ၃ နာရီကြာ ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ယင်းသို့ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဇန်နဝါရီ ၇ ရက်နေ့တွင် ထီးလင်းမြို့အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးရန်ထွက်လာသည့် စစ်ကောင်စီတပ်သည် မြို့အတွင်းသို့ ပြန်လည်ဝင်ရောက် သွားကြောင်း သိရသည်။
“အရင်ကဆို မြို့ပေါ်ကနေ ရွာတွေထဲကို စစ်ကြောင်းထိုးတာ၊ လုယက်တာတွေလုပ်တယ်။ ရော့ကတ် တွေနဲ့ပစ်ခံရပြီးနောက်နေ့ ရွာတစ်ရွာလောက်ပဲ စစ်ကြောင်းအထိုးပြပြီး မြို့ပေါ်ချက်ချင်းပြန်ဆုတ် သွားတယ်။ ခနလေးစစ်ကြောင်းထိုးပြချိန်မှာတောင် ကုန်စုံဆိုင်ကပစ္စည်းတွေ လုသွားသေးတယ်။ အခုဆိုရင် တော်လှန် ရေးအဖွဲ့တွေက စစ်ရေးသတိပေးပြီး အကြောက်တရားပေးနိုင်တဲ့ အခြေအနေ ဖြစ်လာပြီ”ဟု ထီးလင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ပြီး ၃၁ ရက်နေ့ အထိနောက်ဆုံးထားကာ ထီးလင်းမြို့နယ်အတွင်း စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်သည့် အတွက် မြို့ကိုစွန့်ခွာကြရန်နှင့် ထီးလင်းမြို့ပေါ်တွင် နေထိုင်သူများကို နွေးထွေးစွာကြိုဆိုလျက်ရှိပြီး ထွက်ခွာခြင်းမရှိပါက နောက်ဆက်တွဲကိစ္စရပ်များကို တာဝန်ယူမည်မဟုတ်ကြောင်း မြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ (ပအဖ)မှ ထုတ်ပြန်ထားသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ထီးလင်းမြို့နယ်ခရိုင်တပ်ရင်းများနှင့် ခရိုင်ပကဖ၊ မြို့နယ်ပလဖ၊ ယောဧရာ (ကပစ) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပုံစာ-ထီးလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ပစ်ခတ်ခဲ့သည့် ဗုံးသီးများ
#မကွေး #ထီးလင်း #တော်လှန်ရေးတပ်ဖွဲ့ #လက်နက်ကြီး #ပစ်ခတ် #Ayeyarwaddy_Times