
ဖားကန့်မြို့တွင် အင်တာနက် ဖြတ်တောက်ခံရတာ ၁ နှစ်ကျော်ရှိလာ
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၁ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အင်တာနက်ဖြတ်တောက်ခံထားရတာ ၁ နှစ်ကျော်ရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ညပိုင်းကစတင်ကာ အင်တာနက်ဖြတ်တောက်ခံခဲ့ရတာဖြစ်ပြီး ၁ နှစ်ကျော်ကြာချိန်ထိ အင်တာနက်သုံးစွဲ စစ်ကောင်စီက ပြန်မပေးသေးတာလို့ ဒေသခံတွေက ပြောပါတယ်။
” အဓိကတော့ လူငယ်တွေအတွက် အွန်လိုင်းကနေ ပညာသင်လို့ မရတော့တာပေါ့ စီးပွားရေးသမားတွေကတော့ အွန်လိုင်းစနစ်နဲ့ ငွေလွှဲငွေထုတ်လုပ်မရတော့ဘူး လူမှုရေးစီးပွားရေးထိခိုက်တာပေါ့”လို့ ဖားကန့်မြို့ခံပြည်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီး ၇ လအကြာမှာ အင်တာနက်လိုင်း တွေ ဖားကန့်မြို့မှာသုံးမရအောင် ဖြတ်တောက်ခံခဲ့ရတာကြောင့် လူငယ်တွေအွန်လိုင်းကနေ ပညာသင်ကြားဖို့ အခွင့်အရေးဆုံးရှုံးခဲ့သလို စီးပွားရေးလည်း နှောင့်နှေးမှုတွေများခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံထဲမှာနေပေမယ့် အခြားတိုင်းနဲ့ပြည်နယ်တွေ အင်တာနက် သုံးစွဲပြီး လူမှုရေး စီးပွားရေး ပညာရေးစနစ်တွေ အသုံးချခွင့် ရနေချိန်မှာ ဖားကန့်မြို့မှာ အင်တာနက်ဖြတ်တောက်ခံထားရတာဟာ တစ်နိုင်ငံထဲသားချင်း အခွင့်အရေးခွဲခြားသလိုခံစားရတယ်လို့ ဒေသခံအများစုက ပြောပါတယ်။