မြောင်းမြတွင် ဗုံး ၂ လုံးပေါက်ကွဲမှုကြောင့် ဒေသခံလူငယ် ၅ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၁ ရက်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ဩဂုတ်လ ၁၉ ရက်နေ့ ညပိုင်းက ဗုံး ၂ လုံးပေါက်ကွဲခဲ့တာနဲ့ပတ်သက်ပြီး ဒေသခံလူငယ် ၅ ဦးကို စစ်ကောင်စီတပ်သားတွေက စွပ်စွဲဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ခရိုင်ထွေအုပ်ရုံးနဲ့ စသုံးလုံးရုံးနား ညပိုင်းဗုံးပေါက်ကွဲမှုအပြီး နာရီဝက်လောက်အကြာမှာ လမ်းသွားလမ်းလာ အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

” ဖြစ်တဲ့အချိန်က ဘယ်သူမှအပြင်မထွက်တော့ဘူး သူတို့ကတော့ သိတဲ့အတိုင်း ဆဲဆိုပြီး ပတ်ရမ်းတာပေါ့ အဲ့အချိန်မှာ ဆိုင်ကယ်နဲ့ လာတဲ့လူ ၃ ယောက်ကို တားပြီး ရိုက်ဖမ်းသွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေရှိနေတာကြောင့် ထိခိုက်ဒဏ်ရာရရှိတာမျိုးရှိနိုင်တယ်လို့ ဆိုပါတယ်။

နောက်လူငယ် ၂ ဦးကိုတော့ ဩဂုတ်လ ၂၀ ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်သားတွေက ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်လာတာ တွေ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ ၅ ဦးထိရှိလာပေမယ့် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာတော့ အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။