သာပေါင်းမြို့တွင် ဆောင်းဘောက်မဖွင့်ဖို့ပြောရာမှ ဓာတ်ဆီလောင်းမီးရှို့မှုဖြစ်

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၁ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ဩဂုတ်လ ၁၉ ရက်နေ့က ဆောင်းဘောက်ဖွင့်ဖို့တားရာကနေ စကားများပြီး အမျိုးသား ၁ ဦး ဓာတ်ဆီလောင်းမီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

ပျဥ်းမထုံးကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာမှာနေထိုင်တဲ့ ဦးမြင့်စိုးမှ အိပ်ချင်းကပ်နေအိမ်ရှိ ဦးသန့် ဇော်ဝင်းအားခေါ်ပြီး အရက်အတူသောက်ပြီး ဆောင်းဘောက်မဖွင့်ဖို့ပြောဆိုစဥ် စကားများကာ ဓာတ်ဆီလောင်းမီးရှို့ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။

” အတူတူထိုင်သောက်ရင် တစ် ယောက်က ဘောက်ဖွင့်ဖို့စပြောတာ အဲ့တာကို ဖွင့်ရင်ကျန်တဲ့အိမ်တွေအိပ်မရဘူး မဖွင့်နဲ့ဆိုပြီးတားတာ မရတော့ အိမ်ကိုမီးရှို့မယ်လုပ်တာ ပထမ အားလုံးဝိုင်းတာတော့ နောက်ဆုံး ကိုသန့်ဇော်ဝင်းကို ရှို့လိုက်တာ”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

ဓာတ်ဆီလောင်းမီးရှို့ခံရတဲ့ ဦးသန့်ဇော်ဝင်းဟာ နေအိမ်ကို မီးလောင်ခံရပြီး ပြန်လာချိန် မိန်းမဖြစ်သူက ရေနဲ့ ငြိမ်းခဲ့ပေမယ့် ဒဏ်ရာတွေရရှိခဲ့လို့ သာပေါင်းဆေးရုံကိုပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဦးသန့်ဇော်ဝင်းကို ဓာတ်ဆီလောင်းမီးရှို့ခဲ့တဲ့ ဦးမြင့်စိုးအား သာပေါင်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့အမှုဖွင့်ထားတယ် လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းကသိရပါတယ်။