ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်

ဧရာ၀တီတိုင်း ၊ ကျုံပျော်မြို့နယ်၊ ငါးပြေမရိုးကျေးရွာရှိ ဒေသခံများ၏ လယ်မြေများကို သိမ်းယူပြီး စစ်ကောင်စီက ရဟတ်ယာဥ်ကွင်း တည်ဆောက်ရန် ဇန်နဝါရီ ၄ ရက်နေ့က ပြင်ဆင်နေကြောင်း သတင်းရရှိသည်

ငါးပြေမရိုးကျေးရွာအနီးရှိ လယ်မြေကိုးဧကကို သိမ်းယူပြီး ရဟတ်ယာဥ်ကွင်းတည်ဆောက်ရန် စစ်ကောင်စီတပ်က ကားကြီးသုံးစီးဖြင့် လာရောက်တိုင်းတာခဲ့ကြောင်း သိရှိရသည်။

“လောလောဆယ်တော့ အလံနီတွေစိုက်ထားတယ်။ ရဟတ်ယာဥ်ကွင်းလား၊ လေယာဥ်ကွင်းလားတော့မသိသေးဘူး။ အရေးပေါ်ဆောက်မယ့်ပုံစံပဲ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါရဟတ်ယာဥ်ကွင်းတည်ဆောက်မည့်နေရာသည် ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်၏ အနောက်ဘက်တွင်နီးကပ်စွာတည်ရှိသောကြောင့် တိုက်ပွဲများဖြစ်ပေါ်လာပါက စစ်ရေးအရအကူအညီပေးရန်ဆောက်လုပ်ခြင်းဖြစ်နိုင်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ရေကြည်မြို့နယ်ရှိ အမြောက်တပ် ၃၄၄ အနီးတွင် တစ်မိုင်ပတ်လည်ရှိ လေယာဉ်ကွင်းကို တည်ဆောက်ခဲ့သည်။

အာရက္ခတပ်တော် AA မှ ဧရာဝတီတိုင်းနှင့် ဂွမြို့နယ်အစပ်ရှိ စစ်ကောင်စီ၏ ဗေဒါစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်သည့်နောက်ပိုင်းတိုင်း ယခုကဲ့သို့ အရေးပေါ် ရဟတ်ယာဉ်ကွင်းများတည်ဆောက်လာခြင်းဖြစ်သည်။

ပုံစာ- ၂၀၂၂ ခုနှစ်က ဂွမြို့နယ် ဘောလုံးကွင်း၌ ရဟတ်ယာဉ်ကွင်းပြုလုပ် နေသည်ကိုတွေ့ရစဉ်

#ကျုံပျော်မြို့နယ် #ဒေသခံလယ်မြေများ #စစ်ကောင်စီ #ရဟတ်ယာဥ်ကွင်း #တည်ဆောက်ရန်ပြင်ဆင် #Ayeyarwaddy_Times