ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်

အမ်း-ပဒါန်းလမ်းပိုင်းရှိ အမ်းမြို့နယ်ဘက်ခြမ်းတွင်ရှိ သည့် စစ်ကောင်စီစခန်းအားလုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

အမ်းရိုးမဘက်ခြမ်းမှ မကွေးတိုင်းအစပ်ထိ စစ်ကောင်စီတပ်စွဲထားရာ စခန်းအားလုံးကို AA က သိမ်း ပိုက်ထိန်းချုပ်လိုက်ပြီး အမ်းရိုးမတစ်ခုလုံးကို ထိန်း ချုပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အမ်းဘက်ခြမ်းကို AA ကအပြည့်အဝထိန်းချုပ်လိုက်ပြီ။ ပဒါန်းလမ်းပိုင်းမှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေရာယူထားတယ်။ စစ်တပ်က ပဒါန်းကနေ ကပစ တွေဘက် ဦးလှည့်လာမှာ စိုးရိမ်နေတယ်”ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရခိုင်ရိုးမဘက်ခြမ်းရှိ ပဲပဒုံ၊ ပတ်ကွေ့၊ ဆင်ဂုံတိုင်၊ တောင်စောက်ဂိတ်၊ ငပြယ်၊ ကြက်ရေစမ်း၊ ပိန်းရေ စမ်း အစရှိသည့် စစ်ကောင်စီဂိတ်စခန်းများကို AA က ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်ကောင်စီ၏ တောင် စောက်ဂိတ်နှင့် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံတို့ကို AAက သိမ်းယူထားပြီး ကျန်ရှိနေသည့် စခန်းအားလုံးကို ယမန်နေ့ ဇန်နဝါရီ ၈ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီသည် အမ်းသို့ ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်ထားသည့် နတ်ရေကန်စခန်းဘက်တွင် အင်အားဖြည့်တင်း နေပြီး အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)အတွင်းသို့လည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိကြောင်း သိရ သည်။

AA သည် လတ်တလောတွင် အမ်း-ပဒါန်းလမ်းရှိ အမ်း ဘက်ခြမ်းကို ထိန်းချုပ်လိုက်ပြီး တောင်ကုတ်-ပန်း တောင်းလမ်းရှိ တောင်ပုံကြီးစခန်းကို သိမ်းပိုက်ကာ တောင်ကုတ်လမ်းပိုင်းကိုပါ ထိန်းချုပ်ထားကြောင်း သိရ သည်။

ထို့အပြင် ဂွနှင့် ဧရာဝတီတိုင်းတို့ ထိစပ်လျက်ရှိသည့် ဂွ-ငါးသိုင်းချောင်းလမ်းကိုလည်း ပိတ်ဆို့ဖြတ်တောက်ရန် ကြိုးပမ်းနေပြီး နယ်ချင်းစပ်လျက်ရှိသည့် ဗေဒါဂိတ်စခန်းကိုပါ AA က သိမ်းယူထားသည်။

ပုံစာ-ဒီဇင်ဘာလက ဂွမြို့အား AAသိမ်းပိုက်ခဲ့စဥ်။

#အမ်း #ပဒါန်း #အမ်းရိုးမ #စစ်ကောငီ #စခန်း #AA #သိမ်းပိုက် #ထိန်းချုပ် #Ayeyarwaddy_Times