ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်းအ​ကြောင်းပြ၍ ငွေတောင်းနေကြောင်း ဒေသခံများထံက သိရသည်။

ဘိုကလေးမြို့ ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးမှာ ဦးပိစိဖြစ်ပြီး ရပ်ကွက်အတွင်းရှ်ိ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများကို ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ခြိမ်းခြောက်ကာ ငွေတောင်းယူမှုပြုလုပ်သည်ဟု ဒေသခံများကပြောသည်။

“တော်တော်ဆိုးနေတာ စစ်မှုထမ်းဖိုဆိုပြီး ရပ်ကွက်အတွင်းက စက်ရုံအလုပ်ရုံတွေ ကအလုပ်သမားတွေကို အနိုင်ကျင့်
​ပြီး ပိုက်ဆံကောက်တာ မနည်းတော့ဘူး။ ပထမ ငွေတောင်းတယ်၊ အခုလဲတောင်းနေတာ။ ခုကတော်တော်လေးကို မခံနိုင်လွန်းလို့ပါ၊ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုပြီး လုပ်ချင်တာလုပ်နေတာပါ”ဟု (၁) ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦး ဧရာဝတီတိုင်းမ်က်ိုပြောသည်။

စက်ရုံအလုပ်ရုံရှိအတွင်း အလုပ် လုပ်ကိုင်သူတစ်ဦးလျှင် ပထမအကြိမ် တစ်သိန်းကျပ်တောင်းယူပြီး ဒုတိယအကြိမ်တွင် ငါးသောင်းကျပ် တောင်းယူကြောင်း ဘ်ိုကလေးမြို့ခံများကပြောသည်။

အုပ်ချုပ်ရေးမှူး ဦးပိစိသည် ၎င်းနှင့် ဆွေမျိုးတော်စပ်သူများကို ငွေတောင်းယူမှု ချန်လှပ်ထားပြီး စက်ရုံအလုပ်ရုံများမှ အလုပ်သမားများကိုသာ ငွေတောင်းယူမှုပြုလုပ်သည်ဟု မြို့ခံများက ပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူးသည် ယခု ဇန်နဝါရီလ လကုန်ပိုင်းတွင် အုပ်ချုပ်ရေးမှူးတာဝန် ရပ်နားရမည်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးတာဝန် မရပ်နားရရေးအတွက် စစ်ကောင်စီတပ်မှ အရာရှိများက်ိုလည်း လာဘ်ငွေပေးနေရကြောင်း ဒေသခံများကပြောဆိုသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီခန့် ရပ်ကွက်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစုမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလက စတင်ပြီး ပြည်သူ့စစ်မှု‌ထမ်းအကြောင်းပြ ခြိမ်း‌ခြောက်၍ ငွေကြေးတောင်းယူမှုများကို ပိုမိုလုပ်ဆောင်လာကြကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်းတွင် မြို့နယ်စုစုပေါင်း ၂၆ မြို့နယ်ရှိပြီး မြို့နယ်အလိုက် နည်းအမျိုးမျိုးဖြင့် ပြည်သူ့စစ်မှုထမ်းများကို စုဆောင်းလျှက်ရှိရာ သက်ဆိုင်ရာ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ကာ သင်တန်းပြီးဆုံးက ‌ရှေ့တန်းသို့ပိုဆောင်လျှက်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

#ဘိုကလေး #စစ်ကောင်စီခန့် #ရပ်ကွက်အုပ်ချုပ်ရေးမှူး #ပြည်သူ့စစ်မှုထမ်းအ​ကြောင်းပြ #ငွေတောင်း
#Ayeyarwaddy_Times