
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ် ၊ မြောက်စမ်းကျေးရွာရှိ စစ်ကောင်စီရှိ အမြောက်တပ် အမှတ် ၃၄၄ အနိီး၀န်းကျင် ကျေးရွာများတွင် ဗုံးခိုကျင်းတူးခြင်းနှင့် စစ်ဘေးရှောင်ခြင်းများပမပြုလုပ်ရန် ဇန်နဝါရီ ၈ရက်နေ့က စစ်ကောင်စီမှ အမိန့်ထုတ်ထားကြောင်း ဒေသခံများထံက သိရသည်။
အမြောက်တပ်အနီးတွင် တောင်စမ်း၊ ကျောက်ချောင်း၊ ကွင်းချောင်း၊ ဖန်ခါးပြင် စသည့်ကျေးရွာများရှိပြီး အုပ်ချုပ်ရေးမှုးများမှ လိုက်လံပြောကြားနေခြင်းဖြစ်ကြောင်း သိရသည်။
“ငါးသိုင်းချောင်းအနားကိုတိုက်ပွဲတွေကရောက်လာပြီ၊ ဒေသခံပြည်သူတွေကို ဓါးစာခံလုပ်ခြင်တဲ့သဘောထင်တယ်။ စစ်တပ်ထဲက အရာရှိ မိသားစုတွေကတော့ မြို့တွေကိုပြောင်းပြေးတာကြာပြီ “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါအမြောက်တပ်သည် ရခိုင်နှင့် ငါးသိုင်းချောင်းထိစပ်နေသောနေရာများသို့ နေ့စဥ် လက်နက်ကြီးများဖြင့်ပစ်ခတ်နေသောကြောင့် ဒေသခံများ ထိတ်လန့်စွာနေထိုင်နေရပြီးလယ်ယာနှင့် သစ်တောတွင်းထင်းရှာသည့် အလုပ်များရပ်ဆိုင်းထားရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ကလည်း အာရက္ခတပ်တော် AA က ဧရာဝတီတိုင်းနှင့် ဂွမြို့နယ်အစပ်ရှိ စစ်ကောင်စီ၏ ဗေဒါစစ်ဆေးရေးဂိတ်ကို သိမ်းယူလိုက်ကြောင်း သတင်းများထွက်ပေါ်လာသည့်နောက်ပိုင်းအမြောက်တပ် အနီးရှိဒေသခံများအနေဖြင့် စစ်ပွဲဖြစ်လာပါကရှောင်တိမ်းရန်ပြုလုပ်နေသည်ကို စစ်ကောင်စီမှယခုကဲ့သို့ တားဆီးခဲ့ခြင်းဖြစ်သည်။
#ရေကြည်မြို့နယ် #အမြောက်တပ် #ဗုံးခိုကျင်း #စစ်ဘေးရှောင်ခြင်းမပြုရန် #စစ်ကောင်စီအမိန့်ထုတ်
#Ayeyarwaddy_Times