ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်

ထိုင်း-မြန်မာ နယ်စပ်တွင် ပျောက်ဆုံးခဲ့သည့် တရုတ်မင်းသား Wang Xing မှာ မြန်မာနိုင်ငံ ရွှေကုက္ကိုဒေသတွင် လူကုန်ကူးခြင်းခံခဲ့ရပြီး တရုတ်နိုင်ငံအတွင်းသို့ ငွေလိမ်လည်ရန် လေကျင့်ခြင်း ခံခဲ့ရကြောင်း သိရသည်။

တရုတ်မင်းသား Wang Xing သည် မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ကာ လူကုန်ကူးခံခဲ့ရပြီးနောက် တရုတ်လူမျိုးများကို ပစ်မှတ်ထားလိမ်လည်သည့် စာတိုများကို ရိုက်တတ်ရန် သင်ယူခဲ့ရပြီး လိမ်လည်သူအဖြစ် ၂ ရက် ၃ ရက်ခန့် လေ့ကျင့်သင်ကြားခြင်း ခံခဲ့ရကြောင်း သိရသည်။

တရုတ်မင်းသားမှာ နယ်စပ်ဖြတ်ကျော်၍ မြန်မာနိုင်ငံသို့ ရောက်ခဲ့ပြီးနောက် လိမ်လည်ခံရပြီဖြစ်ကြောင်း သိရှိရသော်လည်း ခုခံရန် အစွမ်းအစမရှိဟု မင်းသားကဝန်ခံခဲ့‌ကြောင်း ထိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာန(TICAC) ဒါရိုက်တာ ရဲချုပ်သက်ချိုင်း ပီတာနီလာဘော့တ်၏ ပြောကြား ချက်အရ သိရသည်။

ထိုင်းစစ်ဆေးသူများကို Wang Xing ၏ ပြောကြားချက်အရ လူကုန်ကူးမှုတွင် ထိုင်းလူမျိုးမပါဝင်ဘဲ တရုတ်-တရုတ် လိမ်လည်မှုစစ်ဆင်ရေးသာ ဖြစ်ကြောင်းလည်း သိရသည်။

“ဒါက ခရီးသွားလုပ်ငန်းနဲ့ပဲ ပတ်သက်တာ မဟုတ်ဘူး၊ ဒါဟာ နည်းပညာလုံခြုံရေး နဲ့ နိုင်ငံဖြတ်ကျော် လိမ်လည်လှည့်ဖြားမှု ဖြစ်တဲ့ call စင်တာ လိမ်လည်မှု အပါအ၀င် ကျယ်ပြန့်တဲ့ စိုးရိမ်ပူပန်မှု‌‌တွေကို မီးမောင်းထိုးပြနေတယ်” ဟု ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra (ပေထုံတန် ရှင်နာဝပ်) က မှတ်ချက်ပြု‌ပြောဆိုခဲ့သည်။

ယမန်နေ့ ဇန်နဝါရီ ၇ ရက်တွင် မြန်မာနိုင်ငံအတွင်းမှကယ်တင်ခံခဲ့ရသည့် တရုတ်မင်းသား Wang Xing ၏ လူကုန်ကူးမှုဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံသည် မလုံခြုံကြောင်း ကောလာဟလများ နှင့် စိုးရိမ်မှုများ ဆိုရှယ်မီဒီယာပေါ်တွင် တိုးပွားလာ ကြောင်း သိရသည်။

“ကျွန်မတို့ရဲ့ ခရီးသွား လုပ်ငန်းအပေါ် ထိခိုက်မှု မှန်သမျှကို ကာကွယ်ဖို့ ဒီအခြေအနေကို ထိထိ ရောက်ရောက် စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်” ဟု ပေထုံတန် ရှင်နာဝပ် ပြောကြားခဲ့ပြီး ဒစ်ဂျစ်တယ်စီးပွားရေးနှင့်လူမှု‌ရေးရာ ဝန်ကြီးဌာနကိုလည်း အခင်းဖြစ်ပွားမှုနှင့် ပတ်သတ်သည့် အွန်လိုင်းပြောဆိုမှုများကို စောင့်ကြည့်စီမံခန့်ခွဲရန် တာဝန်ပေးအပ်ခဲ့သည်။

တရုတ်မင်းသား Wang Xing ကို လိမ်လည်သူသည် လူသိများသည့် ထိုင်းဖျော်ဖြေရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် GMM Grammy ကိုကိုယ်စားပြုသူဟု WeChat မှတစ်ဆင့် ဆက်သွယ်ကာ လိမ်လည်လှည့်ဖြားခဲ့ပြီးနောက် သရုပ်ဆောင်ရွေးချယ်ခံရန် ထိုင်းနိုင်ငံသို့ လိုက်လာခဲ့ရာမှ ယခုကဲ့သို့ လူကုန်ကူးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

GMM Grammy ကမူ အဆိုပါဖြစ်ရပ်တွင် ၎င်းတို့ကုမ္ပဏီမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း တရုတ် ဘာသာဖြင့် ပြတ်ပြတ်သားသား ငြင်းဆိုထားသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

Wang Xing ကို ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရာတွင် မြန်မာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းလည်း သိရပြီး စစ်ဆင်ရေးအတွင်း Xing Xing အပါအဝင် တရုတ်လူမျိုး ၅၀ ဦးကို ပါပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ယခုအခါ ထိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာန(TICAC) မှ Wang Xing နှင့် ၎င်း၏မိသားစုမှ အဆင်သင့်ဖြစ်ပါက လာမည့် တစ်ရက် နှစ်ရက်အတွင်း တရုတ်နိုင်ငံသို့ပြန်နိုင်ရန် တရုတ်သံရုံးနှင့်ညှိနှိုင်း ဆောင်ရွက်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ကိုးကား – Khaosod English

#ရွှေကုက္ကိုလ် #လူကုန်ကူးခံရ #တရုတ်မင်းသား #ငွေလိမ်သူ #လေ့ကျင့်ခံရ #ထိုင်းဝန်ကြီးချုပ် #ခရီးသွားလုပ်ငန်း #ထိခိုက်မှုကာကွယ်မည် #Ayeyarwaddy_Times