ဧရာဝတီတိုင်းမ်
(ရိခေါဒါရ်)၊ ဇန်နဝါရီ ၈ ရက်

မြန်မာ-အိန္ဒိယနယ်စပ် ရိခေါဒါရ်ဂိတ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်၍ အိန္ဒိယဗဟိုအစိုးရက ကန့်သတ်ပိတ်ပင်ခဲ့ပြီး လူအဝင်၊ အထွက်များကိုလည်း ကန့်သတ်ထား​ကြောင်းသိရသည်။

ယခင်က နှစ်နိုင်ငံနယ်စပ်ဂိတ် ရိခေါဒါရ်ဂိတ်မှ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်သော်လည်း လက်ရှိတွင် ဖြတ်သန်းသွားလာနိုင်ရန်အတွက် ရိခေါဒါရ်မြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံချက်ရယူပြီးမှသာလျှင် ဖြတ်သန်းခွင့်ပြုကြောင်းသိရသည်။

” အိန္ဒိယဗဟိုအစိုးရကနေ အမိန့်ကျလာတဲ့အတိုင်းပေါ့နော်၊ တရက်ကို လူအယောက် ၁၀၀ အတွက် ခွင့်ပြုချက်ထုတ်ပေးတာပေါ့နော်။ ထုတ်ပေးတာက ခုနှစ်ရက်စာရှိမယ်။ ခုနှစ်ရက်ပြီးတာနဲ့ ပြန်ပြီးမှ သက်တမ်းတိုးရမှာပေါ့” ဟု ရိခေါဒါရ်မြို့၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရိခေါဒါရ်ဂိတ်ကို အိန္ဒိယဗဟိုအစိုးရက ကန့်သတ်ပိတ်ပင်မှုကြောင့် နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံပြည်သူများအနေဖြင့် အနည်းငယ်ဒုက္ခကြုံနေကြကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရက ရိခေါဒါရ်ဂိတ်အား ကန့်သတ်ပိတ်ပင်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ကန့်သတ်ပိတ်ပင်မှုနှင့် ပတ်သက်၍ ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ကြောင်းဒေသခံများထံက သိရသည်။

” ဗဟိုအစိုးရက မြန်မာနိုင်ငံလူဝင်မှုကိစ္စတွေကို နည်းနည်းအာရုံစိုက်လာတဲ့ သဘောလို့ မြင်ပါတယ်။ နှစ်နိုင်ငံဖြတ်သန်းသွားလာမှုကိစ္စတွေကို သူတို့က ကြိုးစားလာတော့လေ ဒီဟာတွေလည်း သူတို့အနေနဲ့ ခြေလှမ်းတခုအနေနဲ့ အသုံးပြုလာတာလားလို့လည်း ထင်မြင်သုံးသပ်မိပါတယ်” ဟု ရိခေါဒါရ်မြို့၊ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ်လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်တင်းကြပ်မှုနှင့် ပတ်သက်ပြီး ပြန်လည်ရုပ်သိမ်းပေးရန်အတွက် မီဇိုရမ်အခြေစိုက် Zo Re-unification Organization – ZORO က ဇန်နဝါရီ ၆ ရက်နေ့တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-မြန်မာ-အန္ဒိယနယ်စပ်၊ ရိခေါ်ဒါရ်ဂိတ်။
#မြန်မာ #အိန္ဒိယနယ်စပ် #ရိခေါဒါရ်ဂိတ် #အိန္ဒိယဗဟိုအစိုးရ #လူအဝင် #အထွက် #ကန့်သတ်ပိတ်ပင်
#Ayeyarwaddy_Times