နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်

စစ်ကောင်စီက စတုတ္ထမျိုးဆက်လွန်ဟု ခေါ်ဝေါ်ကြသော ရုရှားနိုင်ငံထုတ် Su-30 SME တိုက်လေယာဉ်များ ဝယ်ယူထားမှုသည် လက်ရှိတွင် ခြောက်စင်းလုံး ရောက်ရှိနေပြီး ဆက်စပ်ပစ္စည်းများကို ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)များ၌ ထုတ်လုပ်နေကြောင်း လေတပ် CDM အရာရှိများထံက သိရသည်။

အဆိုပါ ဘက်စုံသုံး Su-30 SME တိုက်လေယာဉ် ခြောက်စင်းကို ဝယ်ယူရန် လွန်ခဲ့သော ၂၀၁၈ ခုနှစ်ကတည်းက နှစ်နိုင်ငံအကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး အာဏာသိမ်းပြီနောက် စတင်ပို့ဆောင်ခဲ့ ရာ နောက်ဆုံးကျန်ရှိ နှစ်စင်းသည် ၂၀၂၄ ၊ ဒီဇင်ဘာ ၁၅ ရက်က ရောက်ရှိလာကြောင်း သိရသည်။

“နည်းပညာပိုင်းကို ရုရှားက ပညာရှင်တွေလာပြီး လုပ်ပေးရတာမျိုးရှိတယ်။ ရုရှားကတော့ သွားလိုက်ပြန်လိုက်ပဲ။ တစ်ခေါက်လာရင် လနဲ့ချီပြီး ကြာတတ်တယ်။ သူနဲ့ပတ်သက်တဲ့ ဗုံးတို့ ကျည်‌တို့ကိုတော့ ကပစက ထုတ်တယ်လို့ သိထားတယ်” ဟု လေတပ် CDM ဒုအရာခံဗိုလ်တစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာတို့တွင် Su-30 SME တိုက်လေယာဉ်လေးစီး ရုရှားနိုင်ငံက ပေးပို့ထားခဲ့ပြီး ယင်လေယာဉ်များအပါအဝင် လက်ရှိရောက်လာ သော နှစ်စီးကိုပါ စစ်ကောင်စီက လေတပ် နှစ်ပတ်လည်နေ့များတွင် တပ်တော်ဝင်ထားကြောင်း သိရသည်။

လက်ရှိတွင် Su-30 SME တိုက်လေယာဉ်များကို နေပြည်တော် အေလာလေတပ် စခန်းဌာနချုပ်၌ ထားရှိပြီး ဆက်စပ်ပစ္စည်းများကို မကွေးတိုင်း၊ ဆိတ်ဖြူမြို့ရှိ အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)နှင့် ပေါက်မြို့ရှိ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄)တို့တွင် အဓိကထုတ်လုပ်နေကြောင်း သိရသည်။

“ဗုံးတို့ ကျည်ဆံတို့ မစ်ဇိုင်းလိုဟာမျိုးတွေ။ အဲ့ဒီကပစ ၂၂ နဲ့ ၂၄ က ဆက်စပ်ပစ္စည်းတွေကို မကွေးလေတပ်ကနေတစ်ဆင့် တစ်နိုင်ငံလုံးက လေတပ်တွေကို Y-8၊ ATR၊ MI-17 စတဲ့လေယာဉ်တွေနဲ့ သယ် ယူပို့ဆောင်နေတာ တွေ့ရတယ်” ဟု လေတပ် CDM ဒုအရာခံဗိုလ်က ဆိုသည်။

ထိုတိုက်လေယာဉ်များသည် ရာသီမရွေး တိုက်ပွဲဝင်နိုင်သော အင်ဂျင်နှစ်လုံးတပ် ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး တစ်စင်းလျှင် အမေရိကန်ဒေါ်လာသန်း ၄၀ နီးပါး တန်ဖိုးရှိကာ လေတပ်ချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကိုယ်တိုင် ရုရှားနိုင်ငံသို့ သွားရောက်၍ စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် အခြားစတုတ္ထမျိုးဆက် တိုက်လေယာဉ်များထက် သာလွန်မှုရှိသော စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်ပြီး လေယာဉ်ဆီ အပြည့်ဖြည့်၍ ပျံသန်းလျှင် ကီလိုမီတာ ၃၀၀၀ (မိုင် ၁၈၆၀) အထိ ပျံသန်းနိုင်ခြင်းကြောင့် စစ်ဆင်နိုင်မှု အကွာအဝေး ကြီးမားကြောင်း သိရသည်။

“လောလောဆယ်တော့ အခြားလေယာဉ်အမျိုးအစားတွေ ရှိနေတာဖြစ်လို့ သုံးနိုင်ချေမရှိသေးဘူး။ အခုနောက်ပိုင်း ကပစထုတ် ဗုံးတွေနဲ့ ချိတ်နိုင်တဲ့အဆင့်၊ လေ့ကျင့်နိုင်တဲ့ အဆင့်တော့ရောက်ပြီ။ ဒါ ပေမယ့် စစ်ဆင်ရေးမှာ သုံးနိုင်မနိုင် သေချာမသိသေးဘူး” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုအတွက် ရုရှားနိုင်ငံမှ ပညာရှင်များ လာရောက်၍ Su-30 SME တိုက်လေယာဉ်အပါအဝင် ၎င်းတို့ထုတ် လေယာဉ်၊ ရဟတ်ယာဉ်များအား အဆင့်မြှင့်တင်ခြင်း (upgrade)နှင့် စစ်ကောင်စီ လေယာဉ် မှူးများကို သင်ကြားပို့ချ လေ့ကျင့်ပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#ရုရှား #ဝယ်ယူ #Su30တိုက်လေယာဉ် #၆စင်း #စစ်ကောင်စီထံရောက်ရှိ #ဆက်စပ်ပစ္စည်းများ #ကပစထုတ်လုပ် #Ayeyarwaddy_Times