ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ရက်

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ဂျန်ဒေခရိုင်၊ တင်နိုပယ်ခရိုင်နှင့် ကမ်ဂျွန်ခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များ ၆,၀၀၀ ကျော်ကို နေရပ်ပြန်ရန် ခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ ဖိအားပေးနေကြောင်း စစ်ဘေးရှောင်တာဝန်ရှိသူထံက သိရှိရသည်။

ကမ်ဂျွန်ခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များသည် ဇန်နဝါရီ ၉ ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွါပေးရမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ ဇန်နဝါရီ ၇ ရက်တွင် စစ်ဘေးရှောင်များကို အကြောင်းကြားထားသည်။

“အစကတော့ ပြန်ရမယ်ထဲ ကျောင်းသားကလေးတွေ မပါဘူးပေါ့။ ကလေးတွေက ကျန်ခဲ့ပြီး ကျောင်းဆက်တက်ရမယ်။ နောက်တော့မှ တာဝန်ရှိသူတွေက ထပ်လာပြောတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေကလွဲရင် ကျောင်းသား ကလေး၊ လူကြီးအပါအဝင် အကုန်လုံး ပြန်ရမယ်တဲ့။ အဲလိုဆိုတော့ ကလေးတွေ ပညာရေးထိခိုက်နစ်နာသွားတာပေါ့” ဟု စစ်ဘေးရှောင်တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့၏ ဖိအားပေးမှုကြောင့် ကမ်ဂျွန်ခရိုင်ရှိ စစ်ဘေးရှောင်များသည် ယနေ့မှစ၍ မြန်မာပြည်သို့ နေရပ်ပြန်နေပြီဖြစ်ကြောင်း သိရှိရသည်။

အလားတူ တင်နိုပယ်ခရိုင်နှင့် ဂျန်ဒေခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များကိုလည်း အခုရက်ပိုင်းတွင်း ဒေသအာဏာပိုင်အဖွဲ့က လာရောက်ပြီး နေရပ်ပြန်ရန် မကြာခဏ ဖိအားပေးသည့်အတွက် စစ်ဘေးရှောင်များသည် နေရပ်ပြန်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရသည်။

“ဒီဘက်က စစ်ဘေးရှောင်တွေကိုလည်း အာဏာပိုင်အဖွဲ့တွေရော၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ၊ ဒေသခံတွေရော နည်းမျိုးစုံနဲ့ ဖိအားပေးနေတာ။ အခုပစ္စည်းတွေ မြန်မာပြည်ဘက်ရွှေ့တာတောင် ဒေသခံတွေက ဒီဘက်ကနေ မလာနဲ့ ဟိုဘက်ကသွားဆိုပြီး ပြောနေတယ်။ နယ်စပ်ဂိတ်လည်း အဲအတိုင်းပဲ စစ်ဆေးတင်းကြပ်တာတွေ အမျိုးမျိုးလုပ်ကြတယ်” ဟု စစ်ဘေးရှောင်တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တင်နိုပယ်ခရိုင်၊ ဂျန်ဒေခရိုင်နှင့် ကမ်ဂျွန်ခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန် ၆ ရက်နေ့ကလည်း ကမ်ဂျွန်ခရိုင်၊ နန်မလီ ကျေးရွာမှ မြန်မာစစ်ဘေးရှောင် ၅၀၀ ကျော်သည် ဒေသတွင်း အာဏာပိုင်အဖွဲ၊ လက်နက်ကိုင်အဖွဲ့နှင့် ဒေသခံတို့၏ ဖိအားပေးမှုကြောင့် နေရပ်ပြန်ခဲ့ရသည်။

#မဏိပူရ်ပြည်နယ် #မြန်မာစစ်ဘေးရှောင်များ #အာဏာပိုင်အဖွဲ့ #နေရပ်ပြန်ရန်ဖိအားပေး
#Ayeyarwaddy_Times