ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ကလေးငယ်များနှင့် လူကြီးများသည် ကာလဝမ်းရောဂါဖြစ်ပွားနေပြီး အသက်သေဆုံးသည့် ကလေးငယ်များရှိကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ကာလဝမ်းရောဂါကြောင့် ပလက်ဝမြို့နယ်အထက်ပိုင်း ဒိုးချောင်းဝကျေးရွာတွင် အသက် (၁) နှစ်ဝန်းကျင် ကလေးငယ်နှစ်ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ရက် နှင့် ၄ ရက်နေ့များတွင် ဆေးကုသ ခွင့်မရရှိဘဲ သေဆုံးခဲ့သည်။

“ရွာမှာ ကျန်းမာရေး ဝန်ထမ်းတွေ မရှိကြတော့ ဆေးကုသပေးမယ့်သူတွေ မရှိဘူး။ ပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးဝါးတွေကလည်း မရှိဘူး။ ကလေးတွေက ဆေးကုသလိုက်ရင် အခုလို အသက်သေဆုံးတဲ့အထိဖြစ်လာမှာ မဟုတ်ဘူး” ဟု ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

ပလက်ဝမြို့နယ်တွင် ဖြစ်ပွားနေသည့် ကာလဝမ်းရောဂါသည် အသက် ၅ နှစ်အောက် ကလေးငယ် များနှင့် အသက် ၅၀ ကျော် အသက်ကြီးပိုင်းများ ပိုမိုအဖြစ်များကြောင်း သိရှိရသည်။

ပလက်ဝမြို့နယ်၊ လေးမြိုချောင်းတလျှောက်မှာလည်း ရွာတိုင်းနီးပါးတွင် လူကြီး၊ ကလေးငယ် အများပြား ကာလဝမ်းရောဂါဖြစ်ပွားပြီး ဆေးကုသရန် ဆေးဝါးများ လိုအပ်သလို အချိန်မီ ဆေးကုသမှုမပြုလျင် အသက်သေဆုံးနိုင်ကြောင့် သိရှိရသည်။

“ပလက်ဝမှာ အခုဖြစ်နေတဲ့ ကာလဝမ်းရောဂါဟာ ရာသီကြောင့်မဟုတ်ဘူး။ ကပ်ရောဂါလို မျိုးဖြစ်တယ်။ ဘာဖြစ်လိုလဲဆိုတော့ ဆောင်းရာသီလိုမျိုးမှာ ကာလဝမ်းရောဂါဖြစ်တယ်ဆိုတာ ဖြစ်ခဲတယ်။ တကယ်လို့ ရာသီကြောင့်ဖြစ်တယ်ဆိုရင် အသက်အရွယ်မရွေးဖြစ်ကြမှာဖြစ်တယ်။ ပြီးတော့ အခုဖြစ်တာက ခုခံအားနည်းတဲ့သူတွေမှာဖြစ်နေကြတာကြောင့် အချိန်မီ ဆေးကုသမှုမလုပ်ရင် အသက်သေဆုံးနိုင်တယ်”ဟု ပလက်ဝမြို့နယ်ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောကြားသည်။

လေးမြိုချောင်းတစ်လျှောက်တွင်ဖြစ်ပွားသည့် ကာလဝမ်းရောဂါ လူနာရှင်များကို ကျေးရွာရှိ ကျန်းမာရေး ဝန်ထမ်းများက လက်ကျန်ဆေးများဖြင့် ဆေးကုသပေးနေရကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ ဇွန်လအတွင်းကလည်း ကာလ ဝမ်းရောဂါကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ပုံစာ-ပလက်၀မြို့ကိုတွေ့မြင်ရစဉ်

#ပလက်ဝမြို့နယ် #ကာလဝမ်းရောဂါ #အသက်၅နှစ်အောက် #ကလေးငယ်များသေဆုံး #Ayeyarwaddy_Times