
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်
မြန်မာ့အိမ်နီးချင်းတရုတ်နိုင်ငံတွင် ကူးစက်မှုမြင့်တက်နေသော HMPV ဗိုင်းရပ်စ်ပိုးသည် အိန္ဒိယနှင့် မလေးရှားနိုင်ငံတို့တွင် ကူးစက်မှုဖြစ်ပွားနေကြောင်း အာဆီယံဒေသတွင်းသတင်းမီဒီယာဌာနများတွင် ဖော်ပြထားသည်။
အဆိုပါ Human metapneumovirus ( HMPV) ဗိုင်းရပ်စ်ပိုးသည် ကိုဗစ်-၁၉ ကဲ့သို့ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်ကာ အဆုတ်ကိုထိခိုက်စေပြီး လက်ရှိအိန္ဒိယနိုင်ငံတွင် HMPV ရောဂါဖြစ်ပွားမှု နှစ်ခုဖြစ်ပေါ်နေကြောင်း India Daily သတင်းဌာနတွင် ဖော်ပြထားသည်။
HMPV ဗိုင်းရပ်စ်ပိုးကူးစက်မှုမြင့်တက်နေသည့် တရုတ်နိုင်ငံနှင့် ရောဂါစတင်တွေ့ရှိသော အိန္ဒိယနိုင်ငံကြားတွင် မြန်မာနိုင်ငံရှိနေသဖြင့် ကျန်းမာရေးဆေးဝါးကုသမှု လုံလောက်စွာမရနိုင်သော အာဏာသိမ်းထားသည့် အခြေအနေတွင် စိုးရိမ်ဖွယ်ရှိကြောင်းသိရသည်။
မလေးရှားနိုင်ငံတွင်လည်းကူးစက်မှုတိုးလာသဖြင့် ရောဂါကြိုတင်ကာကွယ် ရေးနည်းလမ်းများကို လိုက်နာရန်ထုတ်ပြန်ထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကမူ ခန္ဓာကိုယ်နေထိုင်မကောင်းပါက နေအိမ်တွင်သာနေထိုင်ပြီး ကျန်းမာရေးစောင့် ရှောက်မှုခံယူရန် ဖော်ပြထားသည်။
လက်ရှိ ဟောင်ကောင်တွင်လည်း ကူးစက်ခံရမှုဖြစ်စဉ်များရှိလာပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနှင့် ထိုင်ဝမ်တို့ကစောင့်ကြည့်နေကြောင်း The Independent သတင်းဌာနတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ၌ အသက် ၁၄ နှစ်အောက်ကလေးငယ်များတွင် HMPV ဗိုင်းရပ်စ်ပိုးကူးစက်မှု ပြန့်ပွားနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလမှစတင်ကာ ပြန့်ပွားလာခြင်းဖြစ်ကာ ကာကွယ်ဆေး ( Vaccine) မရှိသေး ကြောင်း ဒေသတွင်း သတင်းဌာနများတွင် ဖော်ပြထားသည်။
အဆိုပါ HMPV ဗိုင်းရပ်စ်ကူးစက်ခံရလျှင် ချောင်းဆိုးခြင်း၊ အဖျားရှိခြင်း၊ ယားယံခြင်း၊ နှာစေးခြင်းနှင့် လည်ပင်းနာခြင်းတို့ဖြစ်ပေါ်တတ်ကာ အအေးမိတုပ်ကွေးလက္ခဏာနှင့် ဆင်တူပြီး ရောဂါကာကွယ်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုဆပ်ပြာနှင့် ဆေးကြောခြင်းအပါအဝင် ကူးစက်ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်သည် ခရီးသွားရာသီဖြစ်၍ တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများသို့ ကမ္ဘာလှည့်ခရီးသွားမှုများပြားသဖြင့် သတိ ထားစောင့်ကြည့်ဖို့လိုကြောင်း အာဆီယံ ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ဓာတ်ပုံ – WHO , လူမှုကွန်ရက်
#HMPV #Virus #ကူးစက်မှုပြန့်ပွား #တရုတ် #အိန္ဒိယ #မလေးရှား #ဟောင်ကောင် #ရောဂါကာကွယ်ရန် #maskတပ် #လက်ဆေးရန် #Ayeyarwaddy_Times