
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးနောက် နေရပ်ပြန်ပို့ခံရသည့် လူငယ်များကို တနင်္သာရီတိုင်း၊ ကော့သောင်းမြိုနယ်၊ စစ်ကောင်စီ၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမောင်ဌေးက အတင်းအဓမ္မ ခေါ်ဆောင်၍ စစ်သင်တန်းသို့ ပို့နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ဗိုလ်မှူးမောင်ဌေးသည် ပြစ်ဒဏ်ကျခံပြီးနောက် ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခံရသည့် အဆိုပါ လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ခြင်း ဖြစ်ကြောင်း မြို့ခံများထံက သိရသည်။
”ထိုင်းဘက်က ပြန်ပို့ခံရတဲ့ လူငယ် အမျိုးသားတွေကို စစ်မှုထမ်းထဲထည့်တယ်။ လူငယ်တွေကို အမျိုးမျိုး ငွေတောင်းယူတဲ့အပြင် လာဘ်ငွေယူပြီး တရားမဝင် ရွှေတူးဖော်မှုများ၊ သတ္တုတူး ဖော်မှုတွေကို ခွင့်ပြုထားတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့လဲ အထက်က စစ်ကောင်စီအရာရှိတွေနဲ့ ပိုင်တော့ ဘယ်သူမှ အရေးမယူကြဘူး“ ဟု ကော့သောင်းမြို့ရှိ စစ်ကောင်စီနှင့်နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြန်ပို့ခံရသည့် လူငယ်များသည် ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်ခြင်းမပြုလိုပါက လူငယ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ သုံးသောင်း (၃၀,၀၀၀) (သို့မဟုတ်) မြန်မာကျပ်ငွေ သိန်းသုံးဆယ် (၃၀)ကို ကော့သောင်းရှိ ဗိုလ်မှူးမောင်ဌေးထံပေးကြရပြီး လူငယ်အချို့မှာ ငွေကြေးမတတ်နိုင်၍ ပြည်သူ့ စစ်မှုထမ်း သင်တန်းသို့ ပို့ဆောင်ခံရကြောင်း ဒေသခံများကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာအတွင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှ အထောက်ထားမဲ့ မြန်မာ နိုင်ငံသားလူငယ်များ ကော့သောင်းသို့ လွှဲပြောင်းခံခဲ့ရပြီးနောက် လူငယ်အချို့သည် စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းတက်ရန်အတွက် ပလောမြို့နယ်၊ ပလောက်မြို့ အမှတ် (၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တကက-၁၂) သို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။
ထို့ပြင် ကော့သောင်းမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ငွေမပေးနိုင်ပါက ကော့သောင်းမြိုနယ် အတွင်း လုပ်ငန်း လုပ်ကိုင်ခွင့်မပြုဘဲ လုပ်ငန်းရပ်ဆိုင်းမည်ဟု ပြောဆိုသည့်အပြင် PDF များကို ထောက်ပံ့သည်ဟု အကြောင်းပြချက်ဖြင့် မကြာခဏ ခြိမ်းခြောက်မှုများကို ဗိုလ်မှူးမောင်ဌေးက လုပ်ဆောင်နေကြောင်း လုပ်ငန်းရှင်အချို့၏ ပြောကြားချက်အရသိရသည်။
ကော့သောင်းမြိုနယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာနှင့် ကျွန်းကန့်လန့် အကြားနေရာ၊ ဝါးကျွန်းနေရာ အနီးတစ်ဝိုက် မြစ်ကြောင်း၊ ပင်လယ်ဘက်တွင်လည်း တရားမဝင် ရွှေ၊ သတ္တုတူးဖော်မှုများကို ဗိုလ်မှူးမောင်ဌေး၏ ခွင့်ပြုချက်ဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လမှ စတင်လုပ်ကိုင်နေပြီး လစဉ်ကြေး ကျပ်ငွေရှစ်သိန်း (၈၀၀၀၀၀) ပေးရကြောင်း ရွှေတူးဖော်သူနှင့်နီးစပ်သူက ဆိုသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
#ကော့သောင်း #ဗိုလ်မှူးမောင်ဌေး #ထိုင်းနိုင်ငံ #နေရပ်ပြန်ပို့ #လူငယ်များစစ်သင်တန်းပို့ #စစ်မှုမထမ်းလိုသူများ #ထိုင်းဘတ်ငွေ #၃၀၀၀၀တောင်း #Ayeyarwaddy_Times