
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်
ဧရာဝတီတိုင်းနှင့် ဂွမြို့နယ်အစပ်ရှိ စစ်ကောင်စီ၏ ဗေဒါစစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်တို့ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရသည်။
AAနှင့် ပူး ပေါင်းတပ်များသည် ဗေဒါစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေး သတင်းရင်း မြစ်ထံက သိရသည်။
“ဗေဒါ ရပြီ။ မိုင် ၂၀ မြရာပင်ကို ရောက်နေပြီ။ အမတ ၃၄၄ နားက ဆင်သေရွာက လူတွေအကုန်ရွှေ့ခိုင်းနေပြီ။ စစ်တပ်က Paramotor(အင်ဂျင်တပ်လေထီး) သုံးပြီးလည်း ဗုံးကြဲနေတယ်။ ဗေဒါကျရင် ရေနံ့သာလည်း မကြာတော့ဘူး”ဟု ဧရာဝတီစစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဗေဒါဂိတ်ကျသွားပါက ဧရာဝတီတိုင်း၊ အင်္ဂပူရှိ အမြောက်တပ် အမတ ၃၄၄ ကိုပါ AA တပ်များ ရောက်လာမည်ကို စစ်ကောင်စီက စိုးရိမ်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းကပင် အင်အားတိုးချဲ့နေကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။
ဂွမြို့သိမ်းတိုက်ပွဲ မစခင်ကတည်းကပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၊ အာရက္ခတပ်တော် (AA) နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့သည် ငါးသိုင်းချောင်း-ဂွ လမ်းကြောတွင် စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းများကို ဖြတ်တောက်ရန်အတွက် ရိုးပေါ်သို့ ကြိုတင်ရောက်ရှိနေခြင်းဖြစ်ကာ အဆိုပါအဖွဲ့များက ဧရာဝတီတိုင်းအတွင်း ဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk
ပုံစာ- ဂွမြို့အား ၂၀၂၄ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် AA က အပြီးသတ်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်
#ဧရာဝတီ #ဂွ #စစ်ကောင်စီ #ဗေဒါစစ်ဆေးရေးဂိတ် #AA #ပူးပေါင်းတပ် #သိမ်းပိုက် #Ayeyarwaddy_Times