
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွေသောင်ယံမြို့ရှိ ရခိုင်ပြည်နယ်၊ ဂွမြို့နှင့် နီးကပ်သည့် မကျီးဇင်၊ ဘောမိ ကျေးရွာတို့မှ ဒေသခံပြည်သူများမှာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများ ထံက သိရသည်။
အာရက္ခတပ်တော်(AA) က ဂွမြို့ကို သိမ်းယူပြီးနောက် ဂွမြို့နှင့် နီးကပ်သည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်းရှိ မကျီးဇင်၊ ဘောမိစသည့် ကျေးရွာမှ ဒေသခံအချို့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်နေ့မှ စတင်ကာ ပုသိမ်မြို့ပေါ်နှင့် သာပေါင်းမြို့ပေါ်များသို့ ပြောင်းရွေ့နေကြကြောင်း သိရသည်။
“မြို့ပေါ်တွေမှာ ဆွေမျိုးရှိတဲ့သူတွေတို့ အိမ်ရှိတဲ့သူတွေက ပြောင်းပြေးကုန်ကြပြီ။ ကျန်နေတဲ့သူတွေ ကလည်း တံတားထိပ်က ၂၄ နာရီ စစ်တပ်ဂိတ်ချထားတော့ အနေအထိုင်ကြပ်နေကြတယ်”ဟု ဒေသခံ ရွာသားအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အရပ်သားအစိုးရ NLD လက်ထက်တွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တစ်ဘက်ကမ်းရှိ မကျီးဇင်ကျေးရွာကို ကမ်းခြေပတ် လမ်းစီမံကိန်း အဖြစ်အကောင်အထည်ဖော်ကာ ကမ်းကူးတံတား ဆောက်လုပ်ထား ကြောင်း သိရသည်။
ဂွမြို့ကိုသိမ်းပိုက်ထားသည့် အာရက္ခတပ်တော် (AA) သည် အဆိုပါ တံတားမှတစ်ဆင့် ဧရာဝတီတိုင်းအတွင်း ဝင်ရောက်လာနိုင်သည့်အတွက် မကျီးဇင်ရွာဘက်ခြမ်း ကမ်းကူးတံတားထိပ်တွင် စစ်ကောင်စီတပ်မှ အခိုင်အမာတပ်စွဲကာ စခန်းချထားကြောင်း ဒေသခံများက ဆိုသည်။
“ဂွကို AA ဝင်မတိုက်ခင်ကတည်းက တံတားထိပ်က စစ်ဆေးရေးဂိတ်မှာ စစ်တပ်ချထားတယ်။ ဟိုရက်ကလည်း ဂွက ထွက်ပြေးလာတဲ့ စစ်တပ်ကို AA ထင်ပြီး အချင်းချင်းမှားပစ်ကြတာ။ တိုက်ပွဲ ဖြစ်နေတယ်ဆိုပြီး သတင်းထွက်တော့ ရွာကလူတွေအကုန်လန့်နေကြတယ်။ ရွာမှာအရင်ကတည်းက ဖုန်းလိုင်းကောင်းကောင်းမိတာမဟုတ်ဘူး။ ခုလည်း ဖုန်းဆက်ချင်ရင် တောင်ပေါ်တက်ပြီးဆက်ရတယ်။ စစ်တပ်ရှိနေတော့ ညနေပိုင်းတွေတောင် ရွာသားတွေ အပြင်မထွက်ရဲကြဘူး” ဟု မကျီးဇင်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ဂွမြို့မှနေ၍ မကျီးဇင်၊ ဘောမိ စသည့်ကျေးရွာများသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ် အချင်းချင်းမှားယွင်းပစ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် AA က ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားဖြစ်ပွားမည်ကို စိုးရိမ်နေသည့် ဝန်ကြီးချုပ်နှင့် တိုင်းစစ်ကောင်စီ အနေဖြင့် မော်တင်စွန်းဘုရားတွင် ယတြာချေခြင်း၊ Non-CDM ဝန်ထမ်းများကို အပတ်စဥ် ပရိတ်ရွတ် ခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ရခိုင် #ဧရာဝတီ #ကျေးရွာ #AA #ဒေသခံ #တိုက်ပွဲ #စိုးရိမ် #Ayeyarwaddy_Times