ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ရက်

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်လ်ဖာ အကျဉ်းထောင်တွင် လူဝင်မူကြီးကြပ်ရေးဥပဒေနှင့် အကျဥ်းကျနေသည့် မြန်မာနိုင်ငံသား ၂၉ ဦး ပြန်လည် လွတ်မြောက်လာကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံက သိရသည်။

အိန္ဒိယအစိုးရ တာဝန်ရှိသူများသည် အကျဥ်းကျနေသည့် မြန်မာနိုင်ငံသားများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့မှတစ်ဆင့် စစ်ကိုင်းတိုင်း၊ တမူးမြို့ စစ်ကောင်စီတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနက် ၁၀ နာရီလောက်မှာ ပြန်လွတ်လာပြီလို့ ဖုန်းဆက်ပြောတယ်။ အိမ်ကိုတော့ ပြန်မရောက် ကြသေးဘူး။ စစ်သားတွေက ကျန်းမာရေးဆေးစစ်ချက်ယူမယ်လို့ ခေါ်သွားသေးတယ်”ဟု မိသားစုဝင် များနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြန်လွတ်လာသူများသည် မဏိပူရ်ပြည်နယ်တွင် အလုပ်လုပ်ကိုင်နေကြသည့် ရက်ကန်းအလုပ်သမား ၁၉ ဦး၊ ဈေးသည် ငါးဦး နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ နှစ်ဦးတို့ဖြစ်ကြောင်း တမူးဒေသခံများထံက စုံစမ်း သိရှိရသည်။

“ထောင်ထဲမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး တိမ်းရှောင်ရင်း ဖမ်းဆီးခံရတဲ့သူတွေရှိတယ်။ တချို့က လွတ်ရက်စေ့ပေမဲ့ စစ်ကောင်စီဆီ လွှဲပေးလို့မရတဲ့ သူတွေရှိတယ်။ အခုလွတ်လာတဲ့သူတွေက စစ်ကောင်စီဆီ လွှဲပြောင်းပေးလို့ရတဲ့သူတွေဖြစ်တယ်။ အဲ့ဒါကြောင့်လည်း သူတို့က ကိုယ့်ဆန္ဒသဘော အတိုင်း မြန်မာသံရုံလျှောက်လွှာတင်ပြီး အိန္ဒိယအစိုးရကနေ တရားဝင် စစ်ကောင်စီဆီ လွှဲပြောင်းပေး တာဖြစ်တယ်”ဟု နိုင်ငံရေးလှုပ်ရှားသူ တမူးမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပြန်လွတ်လာသူများသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဖမ်းဆီးခံရခြင်းဖြစ်ပြီး ထောင်ဒဏ် ၆လ နှင့် ငွေဒဏ်ကျခံထားရသူများဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့တွင်မှ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေ နှင့် ဇွန်လ အတွင်းက မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသား ၇၇ ဦးကို အိန္ဒိယအစိုးရက စစ်ကောင်စီထံ ပြန်လွှဲပြောင်းပေး အပ်ခဲ့သည်။

ပုံစာ- မြန်မာ – အိန္ဒိယနယ်စပ် တစ်နေရာတွင် အကျဥ်းကျနေသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူ များက ပြန်လွှတ်ပေးနေသည်ကို တွေ့ရစဥ်။

#မဏိပူရ်အကျဥ်းထောင် #အကျဥ်းကျ #မြန်မာနိုင်ငံသား #၂၆ဦးပြန်လွတ် #Ayeyarwaddy_Times