ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်

စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျပ်တည်းလာသော မြန်မာနိုင်ငံမှ အမျိုးသမီးများသည် တရုတ်နိုင်ငံတွင် ဇနီးမယားပြုလုပ်ရန်နှင့် ကျားဖြန့်လုပ်ရန် ရောင်းစားခံရမှု ပိုမိုများပြားလာကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလတွင် လူကုန်ကူးမှုလျော့ကျလာသော်လည်း ယင်းနောက်ပိုင်း၌ ဝ ဒေသနှင့် ကိုးကန့်‌ဒေသတွင် တရုတ် ဇနီးနှင့် ကျားဖြန့်လုပ်ကိုင်ရန် အမျိုးသမီးများရောင်းစားခံရမှုပိုလာကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ထံက သိရသည်။

“တစ်နိုင်ငံလုံးအာဏာသိမ်းမှုတွေကြောင့် စီးပွားရေးချွတ်ချုံကျမှုတွေတောက်လျောက်ဖိနှိပ်ခံရတဲ့အခြေအနေမှာ အမျိုး သမီးတွေဆီမှာတာဝန်ပိုပြီးတော့ပိလာတယ်။ အဲဒီအတွက်အမျိုးသမီးတွေက နီးစပ်ရာနိုင်ငံတွေကိုအလုပ်ရှာပြီးထွက်တဲ့သူပိုများတယ်။ရောင်းစားခံရတဲ့အမျိုးသမီးကိစ္စတွေ တောက်လျှောက် ဖြစ်နေတယ်” ဟု ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)၏ တာဝန်ရှိသူ Ja Jing က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင်တရုတ်နိုင်ငံသို့ တရုတ်ဇနီးမယားပြုလုပ်ရန်အပြင် ကလေးမွေးပေးရန် ရောင်းစားခံရမှုလည်း ပိုမိုများလာကြောင်း KWAT ထံက သိရသည်။

” ကျွန်မတို့ ထိတွေ့ဆက်ဆံရတဲ့အမျိုးသမီးတွေကို ကြည့်တဲ့အခါ အသိ အကျွမ်းတွေကတစ်ဆင့် တရုတ်ပြည်မှာအလုပ်ရှိတယ်၊ နယ်စပ်မှာလုပ်ဖို့ပြောတယ်။ မြန်မာနိုင်ငံလုပ်ခနဲ့ဆို နှစ်ဆ ၊ သုံးဆများနေတယ်။ တရုတ်ဝင်ငွေရဖို့ အလုပ်လုပ်ဖို့သွားချိန်မှာ ရောင်းစားခံရတာတွေ့ရတယ်။ ဒါကလက်ခံရရှိတာပဲ ရှိသေးတယ်။ ဒီထက်ပိုပြီးများနိုင်တယ်” ဟု KWAT ၏ တာဝန်ရှိသူ Ja Jing က ဆက်လက်ပြောကြားသည်။

လွန်ခဲ့သောနှစ်များတွင် တရုတ်နိုင်ငံနှင့် နယ်နမိတ်ထိစပ်သော ကချင်နှင့် ရှမ်းပြည်နယ်မှ အမျိုးသမီးများ တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် လူကုန်ကူးခံရမှုများပြီး ယခုနောက်ပိုင်းနှစ်များတွင် ရန်ကုန်အပါအဝင် အခြားမြန်မာနိုင်ငံဒေသအသီးသီးမှ အမျိုးသမီးများပါဝင်နေကြောင်း ကချင်အမျိုးသမီးအစည်း အရုံး (KWAT)က ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည့် “တရုတ်ဇနီးမယားအဖြစ် အတင်းအဓမ္မရောင်းစားခံရခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။

” ကျားဖြန့်လုပ်ရတဲ့ အမျိုးသမီးတွေဆို ပိတ်လှောင်ခံရတယ်။ ကွန်ပြူတာရှေ့မှာ အချိန်အကြာကြီးအလုပ်လုပ်ရပြီး မူးယစ်ဆေးဝါးနဲ့ထိန်းချုပ်တယ်။ လုံခြုံမှုစိုးရိမ်နေရတယ်။ သူတို့ထွက်ပြေးသွားမှာစိုးလို့ စောင့်ကြပ်နေတာရှိတယ်။ ပိတ်လှောင်ထားတယ်၊ ချိန်းကြိုးတပ်ထားပြီးအလုပ်လုပ်ခိုင်းတယ်။ လူမဆန်စွာခိုင်းတယ်လို့သိရပါတယ် ” ဟု KWAT မှ တာဝန်ရှိသူ Ja Jing က ဆိုသည်။

၂၀၁၉ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ လူကုန်ကူးခံရပြီးပြန်လည်လွတ်မြောက်လာသူ အမျိုးသမီး ၁၈၇ ဦးရှိကြောင်း KWAT ၏ တရုတ်ဇနီးမယားအဖြစ် အတင်းအဓမ္မရောင်းစားခံရခြင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

” အာဏာမသိမ်းခင်ကလူကုန်ကူးမှုတွေပိုပြီးများတာတွေ့ရတာကို data အရပြတယ်။ ဒါပေမဲ့အဖွဲ့အစည်းလုံခြုံရေးအရကော ကချင်ဒေသရဲ့ဆက်သွယ်ရေးခက်ခဲမှုအောက်မှာ လက်ခံရရှိတဲ့အရေအတွက်လျော့နည်းလာတာတွေ့ရတယ်။ ဒါပေမဲ့ဒီထက်ပိုပြီများလာနိုင်တယ်” KWAT မှ တာဝန်ရှိသူ Ja Jing က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခုနှစ်ကာလများအတွင်း အမျိုးသမီးများကို ဇနီးမယားများအဖြစ် တရုတ်နိုင်ငံသို့ အတင်းအဓမ္မ ရောင်းစားနေမှုသည် မြန်မာနိုင်ငံဒေသအသီးသီးတွင် စိုးရိမ်ဖွယ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေကြောင်း ကချင်အမျိုးသမီး အစည်းအရုံး – ထိုင်းနိုင်ငံ (KWAT) ၏ ဖော်ထုတ်ချက်အရ သိရသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတဝှမ်းတွင် ယခင် ဆယ်စုနှစ် ပေါင်းများစွာကတည်းကကြီးထွားလာခဲ့သည့် လူမှောင်ခိုဂိုဏ်းများနှင့် ချိတ်ဆက်နေသော ၎င်းတို့၏ ဆွေမျိုး သားချင်းများ (သို့မဟုတ်) အသိမိတ်ဆွေများ ကတဆင့်လူကုန်ကူးရန် စုဆောင်းခံရကြောင်းသိရသည်။

” လူကုန်ကူးမှုတားဆီးဖို့ ဥပဒေစိုးမိုးမှုအရေးကြီးတယ်။ ကချင်ဘက်မရှိဘူး။ အရင်ကလည်းမရှိဘူး။ အခုထိမရှိတဲ့အတွက် ရပ်ရွာလူထုက ဒေသကလူတွေက မျိုးဆက်သစ်တွေရောင်းစားမခံရဖို့အရေးကြီးကာကွယ်ရမယ် ” ဟု KWAT မှ တာဝန်ရှိသူ Ja Jing က ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံသို့အလုပ်လုပ်ရန်ဖိတ်ခေါ်ပြီး တရုတ်ဇနီးမယားအဖြစ်မြူဆွယ်မှုများကို Facebook နှင့် TikTok လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်စည်းရုံးနေကြောင်းသိရပြီး ပြီးခဲ့သည့် နိုဝင်ဘာလက မန္တလေးမြို့တွင် တရုတ်ဇနီးမယားအဖြစ်လူကုန်ကူးနေသည့် တရုတ်နိုင်ငံသား သုံးဦးနှင့် မြန်မာ နိုင်ငံသား သုံးဦးပါဝင်သည့် လူကုန်ကူးဂိုဏ်းကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ -လူမှုကွန်ရက်၊ ဧရာဝတီတိုင်းမ်

#တရုတ်နိုင်ငံ #လူကုန်ကူးခံရသူများ #တရုတ်ဇနီးမယား #ကျားဖြန့် #ရောင်းစားခံရသူ #အမျိုးသမီးပိုမိုများပြား #အမျိုးသမီးကဏ္ဍသတင်း #Ayeyarwaddy_Times
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့် အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)