
ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဇန်နဝါရီ ၇ ရက်
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ သာလိကာ-ဂွေးချောင်းလမ်း ခြောက်တင်ကွင်းရွာအနီး၌ ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့၊ နံနက် အစောပိုင်းတွင် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ဖခင်ကို သတ်ဖြတ်၍ အလောင်းစွန့်ပစ်သွားကြောင်း သိရသည်။
သာယဝတီခရိုင် အမှတ်(၁)တပ်ရင်း၊ ၃၈၀၁ တပ်ခွဲ(၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် ရောင်နီ၏ ဖခင်ဖြစ်သူ ဦးသိန်းသန်းဌေးကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ အုတ်ဖို စစ်ကြောရေးသို့ ပို့ဆောင်ခဲ့ပြီးနောက် ခြောက်တင်ကွင်းရွာအနီးတွင် ခေါင်းကို အဝတ်ဖြင့်အုပ်ကာ တုတ်ဖြင့် ဝိုင်းဝန်းရိုက်နှက်၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ခေါင်းကို အဝတ်ဖြင့်အုပ်ကာ တုတ်ဖြင့် ဝိုင်းဝန်းရိုက်နှက်ခြင်းဖြစ်သော်လည်း သေဆုံးသူ၏ အလောင်းအနီးတွင် ကျည်ဆံ နှစ်ခု တွေ့ရှိရကြောင်းလည်း သိရသည်။
“မြို့သွားရင်းနဲ့ အုတ်ဖိုမြို့တစ်နေရာမှာ ဖမ်းခံရတယ်လို့သိရတယ်ဗျ။ ရဲဘော်ရဲ့ပုံကိုပြပြီး တေ့ာမှ မြို့ပေါ်မှာ ဖမ်းခံရတာ။ အဖမ်းခံရပြီး တော့မှ စစ်ဆေးပြီး ရိုက်တာတဲ့။ သူသိထားတဲ့ ကျွန်တော်တို့ မိုင်းကွင်းကို လိုက်ပြခိုင်းတယ်။ မိုင်းကွင်းကို ဖော်ပြီး အပြန်မှာပဲ သတ်လိုက်တယ် ပြောတယ်” ဟု အမှတ်(၁)တပ်ရင်း၊ တပ်ခွဲ(၅) တာဝန်ရှိသူ မိုးကြိုးလေးက ဧရာဝတီတိုင်းမ်ကိုပြာသည်။
စစ်ကောင်စီသည် ဦးသိန်းသန်းဌေး၏ အလောင်းကို ထိုသို့ စွန့်ပစ်ခဲ့ပြီးနောက် အနီးနားတွင် ကင်းပုန်း ဝပ်၍ စောင့်ကြည့်မှုများပြုလုပ်ခဲ့ကာ နံနက် ၁၁ နာရီ ဝန်းကျင်တွင် အလောင်းကို ပြန်လည်ကောက် ယူခဲ့ပြီး အုတ်ဖိုမြို့တွင်ပင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရဲဘော်ရောင်နီ၏ မိခင်ဖြစ်သူကိုလည်း စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲမှ ခြိမ်းခြောက် မှုများ ပြုလုပ်ခဲ့သည့်အတွက် မိခင်ဖြစ်သူကိုလည်း လုံခြုံရာသို့ ခေါ်ဆောင်ထားရကြောင်းလည်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ချောင်းဂွ(ဂျီ) ကျေးရွာ မှ ဒေသခံ အမျိုးသား လေးဦး ကို စစ်ကောင်စီလက်အောက်ခံများမှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး လေးဦးစလုံးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
#အုတ်ဖို #စစ်ကောင်စီ #PDF #ဖခင် #သတ်ဖြတ်ခံရ #Ayeyarwaddy_Times