ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

အမ်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကျပြီးနောက် အမ်းမြို့ကို ပြန်လည်စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့် လက်နက် ကြီးစခန်း တောင်စောက်ကို အာရက္ခတပ်တော် (AA)က ထိန်းချုပ်လိုက်ကြောင်း သိရသည်။

အမ်းမြို့နယ် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအနီး တပ်စွဲထားသည့် ဗျူဟာမြောက် အမြောက်စခန်း တောင်စောက်တောင်ကို ယမန်နေ့ ဇန်နဝါရီ ၅ရက်နေ့တွင် AA က ဝင်ရောက်တိုက်ခိုက် ထိန်းချုပ်လိုက်ကြောင်း သိရသည်။

“တောင်စောက်အမြောက်ကြီးစခန်းရော၊ ဓာတ်ငွေ့စက်ရုံကိုပါ သိမ်းလိုက်ပြီလို့ သိထားပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တောင်စောက်တောင်စခန်းသည် အမ်းနှင့် မိုင် ၂၀ခန့်ကွာဝေးပြီး စစ်ကောင်စီတပ်များသည် တရုတ် ဓာတ်ငွေ့ပိုက်လိုင်းကို အကာအကွယ်ယူကာ အမ်းသို့ တစ်မိုင်ချင်းရှေ့တိုးချီတက်နေသည့် စခန်းကြီး ဖြစ်ကာ AAက တောင်စောက်တောင် အမြောက်စခန်းကို သိမ်းယူပြီးနောက် ဓာတ်ငွေ့စက်ရုံကိုပါ ထိန်းချုပ်လိုက်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ နတ်ရေကန် လက်နက်ကြီးစခန်းကိုပါ AA က ဝင်ရောက်တိုက်ခိုက်နေပြီး မြေပြင်ထောက်ပို့လမ်းကြောင်းများကိုပါ ဖြတ်တောက်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် တောင်စောက်စခန်းမှ စစ်ကောင်စီတပ်များ ဓာတ်ငွေ့ပိုက်လိုင်းကို အကာအကွယ်ယူကာ အမ်းနှင့် ၁၅မိုင်အကွာထိ ချဉ်းကပ်လာသည်ကို AAက ဖြတ်၍တိုက်ခိုက်ရာ မိုင်၂၀ ထိပြန်၍ တပ်ဆုတ်ခဲ့ရကြောင်း သိရသည်။

နတ်ရေကန်ဂိတ်နှင့် ကံမြင်းကန်ဂိတ် စခန်းများမှာလည်း AA၏ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် စစ်ကူမရဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးကြကြောင်း သိရသည်။

AA အနေဖြင့် အမ်းမြို့ကို သိမ်းပိုက်ပြီး အမ်း- ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေသလို၊ တောင်ကုတ်- ပြည်၊ပန်းတောင်းလမ်းပိုင်းမှ တောင်ပုံကြီးစခန်းကိုလည်း တိုက်ခိုက် လျက်ရှိကာ ဂွ- ငသိုင်းချောင်း လမ်းတွင်လည်း တိုက်ပွဲဖော်ဆောင်ထားကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
#အမ်း #တောင်စောက်တောင်အမြောက်စခန်း #AA #သိမ်းပိုက် #Ayeyarwaddy_Times