
ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဇန်နဝါရီလ ၆ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်းလုံကျေးရွာကို ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့၊ ည ၁၁ နာရီ ကျော်ခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၏ ရဲတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်းရဲတပ်ဖွဲ့ဝင် ခုနစ် ဦးသေဆုံးသွားကြောင်းသိရသည်။
ဖလမ်းနှင့် ရိအကြားတွင် တည်ရှိသော ခွန်းလုံရွာသည် စစ်ရေးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည့် ကျေးရွာဖြစ်ကြောင်း သိရပြီး စစ်ကောင်စီက MIG-29 ဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲချခဲ့ကြောင်း သိရသည်။
“အဲ့ဒီမှာ ကျွန်တော်တို့ယာယီ စစ်သုံ့ပန့်ထားတဲ့ နေရာကို ထိတယ်။ နောက်ပြီးတော့ အဲ့ဒါက စစ်ရေးနဲ့ မဆိုင်တဲ့ ရွာပေါ့။ နောက်ပြီးတော့ တိုက်နယ်ဆေးရုံတစ်ခုကိုလည်း ဗုံးကြဲတယ်။ ပြည်သူဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။ ဒါပေမယ့် စစ်သုံ့ပန့်ထဲက ခုနစ်ဦးရယ်၊ ကျွန်တော်တို့ CNDFဘက်က စစ်သုံ့ပန်း တွေကို စောင့်ပေးတဲ့ ရဲတစ်ဦးဆုံးသွားတာပေါ့” ဟု CNDFပြောခွင့်ရဆလိုင်းတင်မီက ဧရာဝတီတိုင်းမ် ကို ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ရဲတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့က CNDF ထံတွင် လက်နက်ချအလင်းဝင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွင် နောက်ထပ်စစ်သုံ့ပန်းရဲတပ်ဖွဲ့ဝင် သုံးဦးလည်း ထပ်မံဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။
ထို့အပြင် စစ်ကောင်စီသည် ဇန်နဝါရီလ ၄ ရက်နေ့တွင်ပင် ဖလမ်းမြို့နယ်ရှိ အခြားကျေးရွာ များကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရပြီး ဒေသခံပြည်သူများ ထိခိုက်မှုမရှိကြောင်းသိရသည်။
“ပြည်သူနဲ့ တော်လှန်ရေးတပ်သားတွေကြားမှာ အမြင်လွဲအောင် စစ်ကောင်စီက လုပ်နေခြင်း ဖြစ်တယ်လို့ ယူဆတယ်။ ဘယ်ပြည်သူမဆို တော်လှန်ရေးဘက်ကို ထောက်ခံအားပေးတဲ့အခါကျတော့ စစ်ရေးနဲ့ မဆိုင်တဲ့ ရွာတွေကို ဗုံးချပြီးတော့ ပြည်သူနဲ့ တော်လှန်ရေးကြားမှာ စိတ်ဝမ်းကွဲအောင် လုပ်ဆောင်နေတယ်လို့ပဲ ကျွန်တော်တို့က မြင်ပါတယ်။ ပြည်သူကတော့ တော်လှန်ဘက်မှာပဲ အားလုံးက ပါဝင်နေကြတယ်။ ဘယ်သူမဆိုပေါ့။ ချင်းတောင်မှ မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံတစ်ဝှမ်း လုံးမှာပေါ့။ အဲ့ဒါကြောင့် ပစ်မှတ်တိုက်ခိုက်တာလို့ မြင်ပါတယ်” ဟု ဆလိုင်းတင်မီက ဆက်လက် ပြောဆိုသည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကိုလည်း အချင်းချင်းငဲ့ညှာခြင်းမရှိသလို ရက်စက် ကြမ်းကြုတ်စွာ လေကြောင်းဖြင့် မညှာမတာဗုံးကြဲမှုများလုပ်ဆောင်နေခြင်းဖြစ်၍ စစ်ကောင်စီထံတွင် ပါဝင်သော ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံးအမြင်မှန်ရကာ ပြည်သူလူထံ အလင်းဝင်ကြရန်လည်း CNDFက တိုက်တွန်းထားသည်။
ချင်းညီနောင်သည် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲဖော်ဆောင်ခဲ့ပြီး မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို အကုန်သိမ်းပိုက်ကာ နောက်ဆုံးကျန်ရှိနေသည့် ခလရ ၂၆၈ တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိကြောင်းသိရသည်။
ပုံစာ-ဖလမ်းမြို့(ပုံဟောင်း)။
#ဖလမ်းမြို့နယ် #စစ်ကောင်စီ #ဗုံးကြဲတိုက်ခိုက် #CNDF #ရဲတပ်ဖွဲ့ဝင်တစ်ဦး #စစ်သုံ့ပန်းရဲ #၇ဦးသေဆုံး #Ayeyarwaddy_Times