ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်မှပြည်သူများကို စစ်ကောင်စီက တရားဝင် ထွက်ခွာခွင့်ပြုကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီ ၄ ရက်နေ့မှစတင်ပြီး ထီးလင်းမြို့ပေါ်ရှိ ပြည်သူများကို မြို့မှတရားဝင်ထွက်ခွင့်ပြုကြောင်းနှင့် မြို့တွင်းရှိမည်သည့်သတင်းအချက်အလက်ကိုမှ မဖြန့်ဝေရန် စည်းရုံးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျန်ရှိနေတဲ့မြို့ခံတွေကို မြို့ကထွက်ချင်ရင် ထွက်ကြဖို့ အစည်းအဝေးခေါ်ပြောတယ်။ အချို့တွေက ဒီဇင်ဘာလ‌လယ်လောက်ကတည်းက ရှောင်သွားကြ ပြီ။ တော်လှန်ရေး ဘက်ကလည်း ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မြို့ခံတွေရှောင်ကြဖို့ ‌အသိပေးပြောထားတာ”ဟု ထီးလင်းမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထီးလင်းမြို့နယ်အတွင်း စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်သည့် အတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ပြီး ၃၁ ရက်နေ့ အထိနောက်ဆုံးထားကာ မြို့ကိုစွန့်ခွာရန် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ကလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။

ယင်းသို့ ထုတ်ပြန်ပြီး တစ်လအကြာတွင် စစ်ကောင်စီတပ်က မြို့နေပြည်သူများကို တရားဝင် ထွက်ခွာခွင့်ပြု ခြင်းဖြစ်ပြီး ထွက်ခွာ လိုသူများအနေဖြင့် သက်ဆိုင်ရာကို တရား ဝင်အကြောင်းကြားပြီး ထွက်ခွာကြရန်နှင့် ဆက်လက်နေထိုင်သူများအနေဖြင့် ရိက္ခာများကြိုတင်စုဆောင်းထားကြရန် ပြောဆိုကြောင်း ဒေသခံများထံက သိရသည်။

အလားတူ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ် တွင် တိုက်ပွဲများဖြစ်ပွားလာနိုင်သည့်အတွက် ဌာနဆိုင်ရာရုံးအချို့ ပိတ်ထားပြီး ဇန်နဝါရီ ၅ ရက်နေ့မှစတင်ကာ မြို့ခံနှင့် စစ်ကောင်စီ ဝန်ထမ်းမိသားစုများကို ရှောင်းခိုင်းထားကြောင်း သိရသည်။

#မကွေး #ထီးလင်း #စလင်း #စစ်ကောင်စီ #မြို့ခံများ #ထွက်ခွာခွင့်ပြု #Ayeyarwaddy_Times