ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ ထွေအုပ်ရုံး နှင့် ဆောက်လုပ်ရေးရုံးအနီးတွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုဖြစ်၍ အသက် ၁၂ နှစ်အရွယ် ကလေးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၅ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် ပုတ်သင်ညို လိုက်ဖမ်းသည့် ကလေး သုံးဦးသည် ကျောက်ခဲများ ပစ်ပေါက်ရာမှ တိုက်ပွဲတွင်း ထောင်ထားသည့် မြေမြုပ်မိုင်း ထိမိ၍ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ကလေးတွေက ပုတ်သင်ညို ကျောက်ခဲနဲ့ ပစ်ပေါက်ပြီး လိုက်ဖမ်းနေကြတာ။ အဲမှာ သူတို့ပစ်ပေါက်တဲ့ ကျောက်ခဲက မိုင်းနဲ့ထိမိပြီး ပေါက်ကွဲသွားတာ။ သုံးယောက်စလုံး အသက်အန္တရာယ် မစိုးရိမ်ရ ဒဏ်ရာရတယ်”ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကလေးသုံးဦးသည် ဒူးအောက်ပိုင်းတွင် မိုင်းစများ ထိမှန်၍ ဒဏ်ရာများရရှိပြီး ရပ်ကွက်နေ ပြည်သူများက မြို့နယ်ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ထားကာ ဆေးကုသမှုခံယူနေကြရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်၂၃ ရက်နေ့ကလည်း တီးတိန်မြို့ ပြည်သူ့ဆေးရုံဘေးရှိ ဝန်ထမ်းအိမ်ယာ အထက်နားတွင် မြို့တွင်း ရေပေးဝေရန် သွားရောက်စဥ် အရပ်သားတစ်ဦး မြေမြုပ်မိုင်းနင်း၍ ညာဘက်ခြေထောင်တစ်ဖက် ဆုံးရှုံးလိုက်ရသည်။

ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းကြောင့် အရပ်သား ၃၇ ဦး သေဆုံးပြီး အရပ်သား ၆၈ ဦး ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ် (CHRO) က ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

#တီးတိန်မြို့ #မြေမြုပ်မိုင်း #ကလေး၃ဦး #ထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times