ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာအုပ်စုရှိ အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁) သင်တန်းတက်ရောက်ခဲ့သော ပြည်သူ့စစ်မှုထမ်း စစ်ကောင်စီတပ်သား ၈၀ ကျော်တိုက်ပွဲများတွင် သေဆုံးခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပြီးနောက် အင်အား ၁၀၀ ကျော်ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) လက်အောက်ခံတပ်များတွင် တာ၀န်ချထားပြီးနောက်၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင် ရခိုင်ပြည်နယ်သို့ စစ်ကူစေလွှတ်ခဲ့ရာ အာရက္ခတပ်တော်(AA) ၏ တိုက်ခိုက်မှုကြောင့် သေဆုံးကုန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီအသိုင်းအ၀န်းထံက သိရသည်။

“ရခိုင်ပြည်နယ် တောင်ကုတ်မြို့တိုက်ပွဲကို အင်အား၁၀၀ကျော် စစ်ကူလွှတ်တာ ၈၄ယောက် တိုက်ပွဲကျတယ်။ ဒီဇင်ဘာဒုတိယပါတ်က သေဆုံးတဲ့သူတွေရဲ့မိသားစုတွေကို အကြောင်းကြားပြီးပြီ”ဟု စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

ဧရာ၀တီတိုင်းတွင် ပထမဆုံးဖွင့်လှစ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) တွင် စစ်တပ်ထောက်ခံသူများနှင့် ကိုယ်တိုင်ဆန္ဒပြုသူများဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ မတ်လ တွင်အင်အား ၄၀၀ ခန့်ကိုသိမ်မြို့နယ် ၊ ရွှေမြင်တင်ကျေးရွာအုပ်စု ရှိအမှတ် (၆) စစ်အခြေခံ လေ့ကျင့်ရေးတပ် နှင့် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ် (၅) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတို့တွင် နှစ်နေရာခွဲ၍ စစ်သင်တန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဧရာ၀တီတိုင်းတွင်ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၈) အထိ ရောက်ရှိနေပြီး တက်ရောက်နေသူအများစုမှာ အုပ်ချုပ်ရေးမှူးများမှ ငွေပေးကာခေါ်ယူလာသူများ၊ စစ်ကောင်စီမှ အတင်းအဓမ္မဖမ်းဆီးခေါ် ဆောင်လာသူများပါ၀င်ပြီး ရှေ့တန်းသို့ထွက်ရသူအချို့ တိုက်ပွဲတွင် သေဆုံးခြင်း၊ တပ်အတွင်းတွင်အရာရှိအချို့ပါ တိုက်ပွဲတွင်ပျောက်ဆုံးခြင်းနှင့် တပ်အတွင်းမှာပင် ရှေတန်းသို့အတင်းအကျပ်ပို့ဆောင်ကာ မိသားစုများနှင့် ဆက်သွယ်ခွင့်မပေးသောကြောင့် နေ့စဥ်တိုင်း ထွက်ပြေးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

#ပုသိမ်မြို့#စစ်မှုထမ်းအမှတ်စဉ်၁ #စစ်ကောင်စီတပ်ဖွဲ့ဝင် #၈၀ကျော် #တိုက်ပွဲများတွင်သေဆုံး #Ayeyarwaddy_Times