ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း နှစ်ခုကို ဒေသတော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးပြီး အရှင်ဖမ်းဆီးရမိသူများလည်းရှိကြောင်း သိရသည်။

ရှိမ်းမကားကျေးရွာ အထိုင်ရဲစခန်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ ဇန်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက အုန္နဲဘုတ်ကျေးရွာအနီး၌ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး သုံးဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇန်နဝါရီ ၅ ရက်နေ့တွင်ပင် ရွှေဘို အမှတ် (၈) လေ့ကျင့်ရေးတပ်မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို မင်းကုန်းကျေးရွာနှင့် မှတ်ထိ ကျေးရွာကြားတွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကြောင်းတွင်ပါလာသည့် တပ်ဖွဲ့ဝင် ၇၇ ဦးအနက် ၇၁ ဦးသေဆုံးပြီး ကျန်တပ်ဖွဲ့ဝင် ခြောက်ဦးကိုလည်း အရှင်ဖမ်းဆီးရမိသည့်အတွက် စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ပျက်သွားကြောင်း သိရသည်။

တိုက်ပွဲမှာ နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ၉ နာရီ ကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကြောင်းတစ်ခုလုံး ပျက်သွားသည်အထိ တိုက်ခိုက်နိုင်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း (၁၅) တပ်ရင်းမှူး ဗိုလ်ကောက်ရိုးထံက သိရသည်။

“ဝက်လက်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်းက ခုလိုမျိုး အပြတ် မဖြုတ်နိုင်ခဲ့ပါဘူး ။ ၂၀၂၅ ခုနှစ် မှာ ကျွန်တော်တို့ ရွှေဘိုခရိုင် အမှတ် (၁၅) က 1027 ဒုတိယလှိုင်းကနေ အလက်တွေ ရလာတော့ ခုလိုမျိုး ထိထိရောက်ရောက် လုပ်နိုင်ခဲ့တာပါ။ အလက်မရခင်တုန်းကတော့ ပစ်ပြေးနဲ့ လုပ်လာခဲ့ရတယ်။ အခုချိန်မှာ အလက်ရော(မပြည့်စုံသေးပေမယ့်) အတွေ့အကြုံတွေနဲ့ တိုက်ရတော့ အညာအတွက်ရော တပ်ရင်းအတွက်ရော ရဲဘော်တွေ အတွက် ဂုဏ်ယူမိပါတယ်”ဟု ရွှေဘိုခရိုင်အမှတ် (၁၅) တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ပွဲနှစ်ခုလုံးတွင် တပ်မ (၃၃) မှ အရာရှိများနှင့် တပ်ဖွဲ့ဝင်များပါဝင်ပြီး ဝက်လက်မြို့သို့ စစ်ကြောင်းထိုးဝင်ရောက်မည့် တပ်များဖြစ်ကြောင်း သိရသည်။

အုန္နဲဘုတ်ရွာတိုက်ပွဲတွင် ရွှေဘိုခရိုင်တပ်ရင်း (၁၈) ၊ ရွှေဘိုခရိုင် အမှတ် (၂၃)တပ်ရင်း၊ ကြောင်လက် သည်းတပ်ဖွဲ့၊ တပ်ရင်း (၁၈) တပ်ခွဲ-၁ ဝက်လက်မင်းသားကြီးတပ်ဖွဲ့၊ တပ်ခွဲ -၂ Prolife အဖွဲ့၊ တပ်ခွဲ-၃ ဗိုလ်သင်္ချိုင်း အဖွဲ့၊ တပ်ခွဲ-၄ ဗိုလ်ကျားကြီးအဖွဲ့၊ ဝက်လက်ဒေါင်းနီအဖွဲ့၊ ဒေါင်းစစ်သည်အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းကုန်းနှင့် မှတ်ထိရွာတိုက်ပွဲတွင် ရွှေဘိုခရိုင်တပ်ရင်း (၁၅) ၊ အမှတ် (၂၃) တပ်ရင်း၊ အမှတ် (၂) ခရိုင်ကွပ်ကဲရေး၊ တပ်ရင်း (၁)၊ တပ်ရင်း ၂ နှင့် မြို့နယ်ပကဖ၊ ဝက် လက်တိုက်နယ် (၂ )တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ရွှေဘိုခရိုင် တပ်ရင်း (၁၅)
#စစ်ကိုင်း #ဝက်လက် #အရှေ့ခြမ်း #စစ်ကောင်စီ #စစ်ကြောင်း #တိုက်ခိုက်ခံရ #Ayeyarwaddy_Times