
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်
ဒုတိယအကြိမ် ကုန်တင်ယာဉ်များကိုထွက် ခွင့်ပိတ်လိုက်ပြီးနောက် ကုန်တင်ယာဉ်ပိုင်ရှင်များနှင့် တိုင်းအုပ်ချုပ်ရေးအဖွဲ့တို့ ညှိနှိုင်းမှုအဆင်ပြေခဲ့သဖြင့် ဇန်နဝါရီ ၄ ရက်နေ့တွင် ကားများပြန်လည်ထွက်ခွင့်ရရှိခဲ့သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။
ဧရာဝတီတိုင်း၊ပုသိမ်မြိုမှ ကုန်တင်ယာဉ်ပိုင်ရှင်များက စစ်ကောင်စီ၏ ချောဆွဲသည်ကို မလိုက်ရန် ငြင်းဆန်ကြသဖြင့် ကုန်တင်ကားများ ထွက်ခွင့်ကို ဇန်နဝါရီ ၂ ရက်နေ့ကပိတ်ခဲ့ခြင်းဖြစ်သည်ဟု ယာဉ်ပိုင်ရှင်အချို့ကပြောသည်။
“အခုက ချောကားလိုက်ဖို့ မဲနှိုက်မယ် ပေါက်သူလိုက်ပေါ့။ သူတို့က ၁၅ သိန်းပေးပြီးငှါးတာဖြစ်လို့ မလိုက်နိုင်ရင် လျော်ကြေးဆိုပါတော့ ၂၅ သိန်းပြန်ပေးပါ့မယ် ဆိုတဲ့ သဘောတူညီချက်နဲ့ ကားတွေပြန်ထွက်ခွင့်ရတာ ” ဟု ယာဉ်ပိုင်ရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဆက်လက်ပြီး ကုန်တင်ယာဉ်များကို မည်သည့်အချိန် မည်သည့်ရက်ဟု ကြိုတင်၍ ရက်သတ်မှတ်ထားခြင်းမရှိကြောင်း ၎င်းတို့အသုံးပြုရန်လိုအပ်ချိန်တွင် မဲနှိုက်ရမည်ဖြစ်သည်ဟု ဆိုသည်။
“ကားမမောင်းတော့ဘူးဆိုပြီးအလုပ်ကထွက်လာခဲ့ပြီ။ ပြီးခဲ့တဲ့အပါတ်က ချောပါသွားတဲ့ ယာဉ်မောင်း ကားချောက်ထဲကျတာ ခုထိဆေးရုံမှာ အခြေအနေမကောင်းဘူး သေဖို့များတယ် ” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
ချောဆွဲခံရသည့် ကုန်တင်ယာဉ်မောင်းများအနေဖြင့် ညအချိန်တောင်ဆင်းတောင်တက်လမ်းကို ကားမီးထိုး၍ မောင်းခွင့်မပေးသည့်အပြင် မိုင်းကွင်းများ ၊ ငုတ်များပေါသည့် တောတွင်းလမ်းကြမ်းများကို မောင်းနှင်ရသဖြင့် အန္တရာယ် အလွန်များသည်ဟု ဆိုသည်။
” အခုတောင်းဆိုတာကို မလိုက်လျောပြန်ရင်လဲ နောက်တစ်မျိုးနဲ့အကျပ်ကိုင်ဦးမှာပဲ။ မပေးလို့မရဘူး ၊ ပေးကိုပေးရမယ်ဆိုပြီး သေနတ်ပြမခြိမ်းခြောက်ရုံတစ်မယ်ပါပဲ ” ဟု ယာဉ်ပိုင်ရှင်တဦးက ပြောသည်။
စစ်ကောင်စီအနေဖြင့် ပုသိမ်မြို့ကုန်တင်ယာဉ်များကို ချောဆွဲ၍ ရခိုင်ပြည်နယ် ဂွမြို့နှင့် ပန်းတောင်း-တောင်ကုတ်လမ်းများသို့ စားနပ်ရိက္ခာ၊ဆေးဝါးနှင့် စစ်လက်နက်ပစ္စည်းများပို့ဆောင်ခြင်း ဒါဏ်ရာရလူနာများနှင့် လူသေအလောင်းများသယ်ဆောင်နေသည်ဟု သိရသည်။
#ညှိနှိုင်းမှူအဆင်ပြေ #ဒုတိယအကြိမ် #ထွက်ခွင့်ပိတ်ထားသည့် #ကုန်တင်ယာဉ်များ #ပြန်ထွက်ခွင့်ရ #ပုသိမ်မြို့နယ် #Ayeyarwaddy_Times